သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတ္တရာအနောက်ခြမ်း ကျေးရွာတချို့ မီးရှို့ဖျက်ဆီးခံရ


မတ္တရာမြို့
မတ္တရာမြို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံနေအိမ်တွေကို စစ်ကောင်စီဘက်က နေ့စဉ် မီးရှို့ဖျက်ဆီးနေတယ်လို့ အခြေအနေ စောင့်ကြည့်သူတွေက ပြောပါတယ်။ ထိတွေ့တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်လည်း ဒေသခံတချို့ သေဆုံးခဲ့ပါတယ်။ မတ္တရာအနောက်ဘက်ခြမ်းက အခြေအနေ ရန်ကုန်ဘက်က သတင်းပေးပို့တာကိုပြောပြမှာပါ။

မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီဘက်က နေ့စဉ်ရက်ဆက် ဒေသခံနေအိမ် မီးရှို့တာတွေ လုပ်နေတယ်လို့ ကျေးရွာအခြေအနေ စောင့်ကြည့်သူတွေက ပြောပါတယ်။

"တိုက်ပွဲထိတွေ့မှုက မရှိဘူး။ အခု ကျနော်တို့ဆီမှာ မီးရှို့နေတာ ကျနော်တို့ မြင်နေရတာ။ သူတို့က မတ္တရာအနောက်ခြမ်းကို အထိုင်လုပ်ပြီးတော့ ပတ်ရှို့တာဗျ။ အဲဘက်မှာက ပြည်သူတွေ မရှိတော့ဘူးလေ။ ပြည်သူတွေမရှိတဲ့ အခါကျတော့ အဲဒီရွာတွေထဲကို သူတို့ကဝင်တယ်။ မနက်မိုးလင်းပြီး ၇ နာရီ၊ ၈ နာရီလောက်ဆိုရင် ပုံမှန်ရှို့တယ်။ အခုဒီရက်ပိုင်းထဲ အဲအချိန်လောက် ပုံမှန်ရှို့တယ်။ ဒီနေ့ရှို့တာဆိုရင် ဥဒိန်၊ ပုသိမ်၊ သမင်ခြံ၊ အဲဒီပတ်ပတ်လည်တွေ အကုန်လုံးပတ်ရှို့တာဗျ။"

မတ္တရာမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေကြား ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကတည်းက တိုက်ပွဲပြင်းထန်ပြီး၊ အပြန်အလှန်ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ တော်လှန်ရေးအဖွဲ့တွေ လက်လွတ်ခဲ့ရတဲ့ မတ္တရာမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတွေထဲက ရွာသစ်၊ ဝန်စုနဲ့ ထိန်ပင်စောက်ကျေးရွာတွေကို ပြန်လည်ပြီးသိမ်းပိုက်ရရှိထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီဇင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မတ္တရာအနောက်ခြမ်းက မွေထိန်ပင်၊ ဆင်ကုန်း၊ ပိုဝမြောက်ရွာနဲ့ မြွေသစ်တောရုံး အပါအဝင် ဥဒိန်နဲ့ မြွေပုသိမ် အဲဒီရွာတွေမှာ ဒေသခံနေအိမ်တွေ မီးရှို့ခံနေရတယ်လို့ ဝက်လက်သတင်းအချက်အလက် ကွန်ရက်တာဝန်ခံတဦးက ပြောပါတယ်။ ဒါ့အပြင် မတ္တရာအနောက်ခြမ်းက တုန်ကုန်းရွာ အနောက်ဘက် ယမ်းကုန်းအုတ်စက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်လို့ ဒီဇင်ဘာလ ၁၁ ရက်နေ့တုန်းက အမျိုးသား ၁ဦး၊ အမျိုးသမီး ၁ဦးနဲ့ ကလေးငယ် ၁ဦး လက်နက်ကြီးအစထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

"သူတို့ လက်နက်ကြီးပစ်တာက နေရာအတည်တကျ မရှိဘူးဗျ။ ဘောလုံးကွင်းထဲမှာကျတော့ လက်နက်ကြီးကျတော့ အထိုင်တနေရာကောင်း ချထားတယ်ဗျ။ ပုခုံးနဲ့ထမ်းပြီး ထမ်းရတဲ့ဟာတွေကျတော့ အချိန်နေရာမရွေး ထိုင်ပစ်လို့ရတယ်။ အဲဒါကိုမှ သူတို့က အကွာအဝေးထောက်ပြီးတော့ ပစ်တာဗျ။ ရွာခံတွေကတော့ အခုချိန်ထိလည်း ပြေးနေရတုန်းပဲ။ အဲဒီဘက်မှာ ဘယ်သူမှ မဝင်နိုင်ဘူးဗျ။"

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ သူတို့ရဲ့နေအိမ်တွေ မီးရှို့ဖျက်စီးခံရလို့ နေရပ်ဆီ မပြန်နိုင်သေးပါဘူး။ စစ်ဘေးဒုက္ခသည်တွေအတွက် အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆက်ပြောပါတယ်။

"မတ္တရာက ပြည်သူတွေ ရွာထဲမဝင်ရတာလည်း လကျော်သွားပြီ။ ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ၊ ဆောင်းရာသီရောက်တော့ အနွေးထည်၊ အဝတ်အစားတွေ လိုအပ်တာရှိတာပေါ့။ ရွာထဲမှာကျန်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း မတ္တရာအနောက်ခြမ်းမှာ နွားတွေ တော်တာ်များများကျန်တယ်။ အဲဒီ နွားတွေအကုန်လုံးကို မတ္တရာမြို့ပေါ်ကို စကစက သယ်သွားတယ်။ နောက်ပြီးတော့ အနောက်ခြမ်းမှာရှိတဲ့ တောင်သူသုံး လယ်ယာပစ္စည်းတွေကိုလည်း သယ်သွားတယ်။ အဲဒီမှာ သယ်မရတဲ့လှည်းတွေ ဘာတွေဆိုရင် ရွာအပြင်ထုတ်ပြီး မီးရှို့တယ်။ အိမ်နေရင်း ပရိဘောဂ အသုံးအဆောင်ပစ္စည်းတွေ ဖြုတ်ယူတယ်ဗျ။ ဆောက်လက်စအိမ်တွေက တံခါးရွက်တွေ၊ တံခါးဘောင်တွေကို ဖြုတ်ယူသွားတာရှိတယ်။ တော်တော်များများပါပဲ။ အကုန်လုံးက ဘာဆိုဘာမှ မရှိသလောက်ပဲ။ ကျန်မှာဆိုလို့ မြေကြီးပဲ ကျန်နေခဲ့မှာပဲ။ အကုန်လုံးက ကုန်သလောက်ပါပဲ။"

မတ္တရာ၊ သပိတ်ကျင်းနဲ့ နောင်ချိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေနေ့စဉ် ဖြစ်ပွားနေတယ်လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ ဗွီအိုအေအနေနဲ့ ဆက်လက်ပြီး စုံစမ်းမေးမြန်းနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ယာယီသွားလာခွင့် ကန့်သတ်ထားတယ်လို့ နိုဝင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG