သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကြောင့် အာဆီယံကြိုးပမ်းမှုတွေ ထိခိုက်ရကြောင်း APHR ဝေဖန်


နေပြည်တော် သံတမန်ခန်းမမှာ တွေ့ဆုံတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဇန်နဝါရီ ၇၊ ၂၀၂၂။ ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေးအဖွဲ့)
နေပြည်တော် သံတမန်ခန်းမမှာ တွေ့ဆုံတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဇန်နဝါရီ ၇၊ ၂၀၂၂။ ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေးအဖွဲ့)

(Zawgyi / Unicode)

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကြောင့် မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ စုပေါင်းကြိုးပမ်းမှုတွေကို ထိခိုက်ရကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ဝေဖန်လိုက်ပါတယ်။

မြန်မာနိုင်ငံကို ဇန်နဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ သွားရောက်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံအသင်းရဲ့ စုပေါင်းဆောင်ရွက်မှုအပေါ် ကောက်ချက်လွဲနိုင်သလို ထူးခြားတဲ့ အောင်မြင်မှုအဖြစ် ပြသဖို့ တဖက်သတ် ကြိုးစားတဲ့ အန္တရာယ်ကြီးတဲ့ လုပ်ရပ်ဖြစ်ကြောင်း APHR အဖွဲ့ရဲ့ ဥက္ကဋ္ဌ၊ မလေးရှားလွှတ်တော်အမတ် Charles Santiago က စနေနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်တာပါ။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံက စတင်တာဝန်ယူချိန်မှာပဲ မြန်မာ့အရေး အသင်းက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဝန်ကြီးချုပ်ဟွန်ဆန်က ဖျက်ဆီးလိုက်တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ ဒါကြောင့် ကျန် အာဆီယံ ၈ နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်ဖို့ အထောက်အကူဖြစ်စေမယ့် ကြေညာချက်တွေ ထုတ်ပြန်ပြီး သူတို့ရဲ့ ရပ်တည်ချက်တွေကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောကြားကြဖို့လည်း APHR အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

ပြည်တွင်း ပြည်ပ ကန့်ကွက်မှုတွေကြားမှာပဲ ၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် အဆုံးသတ်ခဲ့တဲ့ စနေနေ့မှာတော့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံအသင်းရဲ့ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ Prak Sokhonn ကတော့ အခုခရီးစဉ်ဟာ စစ်အာဏာပိုင်ကို အသိအမှတ်ပြုဖို့ မဟုတ်ကြောင်း၊ မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာတာသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

APHR အဖွဲ့ကတော့ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ လုပ်ရပ်ဟာ မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံအသင်းရဲ့ စုပေါင်းဖိအားပေးနိုင်စွမ်းကို ထိခိုက်စေနိုင်တာကြောင့် ဘုံသဘောတူညီချက်တွေကို ကမ္ဘောဒီးယားဝန်ကြီးချုပ်က လိုက်နာအောင် ဆောင်ရွက်ဖို့ ကျန်အသင်းဝင်တွေမှာ တာဝန်ရှိကြောင်းနဲ့ ပျက်ကွက်ခဲ့မယ်ဆိုရင် အသင်းရဲ့ ညီညွတ်မှုနဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)







XS
SM
MD
LG