သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄ လကြာ အပစ်ရပ်ကြဖို့ အာဆီယံ အထူးသံတမန် တိုက်တွန်း


မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ Erywan Yusof. (ဇွန် ၂၂၊ ၂၀၁၉)
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ Erywan Yusof. (ဇွန် ၂၂၊ ၂၀၁၉)

(Zawgyi / Unicode)

လူသားချင်းစာနာမှု အကူအညီတွေ စက်တင်ဘာလလယ်ထဲ ထောက်ပံ့နိုင်ဖို့ အဖွဲ့အားလုံး ၄ လ အပစ်အခတ်ရပ်စဲကြဖို့ တောင်းဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ Erywan Yusof က တွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အွန်လိုင်းကတဆင့် ပြုလုပ်တဲ့ ကျိုဒိုသတင်းဌာနရဲ့ သီးခြားတွေ့ဆုံ မေးမြန်းခန်းတခုမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က သူနဲ့ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ပြုလုပ်ခဲ့တဲ့ Video Conference ဆွေးနွေးပွဲအတွင်း Yusof က ဒီနှစ်ကုန်အထိ အပစ်အခတ် ရပ်စဲထားကြဖို့ အဆိုတင်ခဲ့ပြီး မြန်မာစစ်တပ်ဘက်ကလည်း သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပစ်အခတ်ရပ်စဲမှုဟာ နိုင်ငံရေးအရ အပစ်ရပ်တာမျိုးမဟုတ်ဘဲ လူသားချင်း အကူအညီပေးရေး လုပ်သားတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဖြစ်တယ်လို့ သူကဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး သူတို့ဘက်က သဘောမတူတာ ဘာမှမရှိဘူးလို့လည်း Yusof က ထပ်လောင်းပြောဆိုသွားပြီး သူ့ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ အာဏာသိမ်းယူမှုကို ဆန့်ကျင်တဲ့ အဖွဲ့တွေကိုလည်း သွယ်ဝိုက်တဲ့နည်းနဲ့ပေးပို့သွားမယ်လို့ ဆိုပါတယ်။

စီးပွားရေး ယိမ်းယိုင်နေပြီး ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေး အကျပ်အတည်းပါ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအပေါ် အရှေ့တောင်အာရှ အဖွဲ့ဝင် ၁၀ နိုင်ငံက အကူအညီတွေပေးဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ပထမအသုတ် အကူအညီအနေနဲ့ အရေးပေါ် ဆေးဝါးကုသရေး ပစ္စည်းတွေ ပါဝင်မှာဖြစ်ပြီး ကိုဗစ်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရသူတွေအတွက် အောက်ဆီဂျင်ဘူးတွေ အကာအကွယ် အသုံးအဆောင်တွေကို မြန်မာလူထုဆီကို ပေးပို့မှာဖြစ်ပါတယ်။

လူနည်းစု လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကိုတော့ အိမ်နီးချင်း ထိုင်းနိုင်ငံကတဆင့် ဖြတ်သန်းပြီး ကူညီပေးသွားမယ်လို့ ဆိုပါတယ်။

ဒုတိယခြေလှမ်းအဖြစ်နဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ရှာဖွေ ပို့ဆောင်ပေးသွားမယ်လို့ အထူးသံ Yusof က ပြောသွားပါတယ်။

ထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်နဲ့ ပတ်သက်ပြီးတော့ Yusof က ပြောဆိုရာမှာတော့ စစ်ကောင်စီဘက်က ယတိပြတ် မငြင်းဆိုပေမယ့် ဆက်ပြီး ဆွေးနွေးကြဦးမယ်လို့ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------

(Unicode)











XS
SM
MD
LG