အာဆီယံစီးပွားရေး အသိုက်အဝန်းကို အကောင်အထည်ဖော်နေချိန်မှာ ပြည်တွင်း အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေ ဈေးကွက်ဆုံးရှုံးတာမျိုး မဖြစ်အောင် အစိုးရက ထောက်ပံ့ကူညီတာမျိုး၊ ကုန်ကြမ်းသွန်းကုန်တွေအပေါ် အခွန်လျော့ ချတာမျိုးတွေ လုပ်ပေးဖို့ စီးပွားရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။ ဒေသတွင်းနိုင်ငံတွေက ကုန်ချောပစ္စည်း တွေ အခွန်ကင်းလွတ်ခွင့်နဲ့ ပြည်တွင်းကို ဈေးသက်သက်သာသာဝင်လာမှာဖြစ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေ ယှဉ်ပြိုင်ရမယ့် အနေအထား ကြီးမားတဲ့ အကြောင်း သတိပေးပြောဆိုတာပါ။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် တင်ပြပေးထား ပါတယ်။
လွတ်လပ်တဲ့ကုန်သွယ်ရေးအသိုက်အဝန်းကို အာဆီယံနိုင်ငံတွေအချင်းချင်းဆောင်ရွက်တဲ့နေရာမှာ ဖွံ့ဖြိုးမှုနည်းနဲ့ မြန်မာအနေနဲ့ နည်းပညာပိုင်းမှာ အားနည်းတဲ့အတွက် ပြည်ပသွင်းကုန်တွေနဲ့ ဈေးနှုန်းယှဉ်ပြိုင်ဖို့ ခက်ခဲနိုင်တာကို စီးပွားရေး ပညာရှင်တွေက ထောက်ပြတာပါ။ အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းတွေဖွံ့ဖြိုးဖို့ဆိုရင် နည်းပညာပိုင်းများများပါတဲ့ လုပ်ငန်းတွေကို အစိုးရအနေနဲ့ ရွေးချယ် လက်ခံသင့်တယ်လို့ ကုန်သွယ်မှု သင်တန်းကျောင်း သင်ကြားမှုတာဝန်ခံ ဦးသိန်းမြင့်ဝေက အခုလိုသုံးသပ်ပါတယ်။
“AEC ကိုသွားတယ် အာဆီယံ အီကောနောမစ် ကွန်မြူနတီကိုသွားတဲ့အခါကျတော့ စီးပွားရေး ပွင့်ကြတာတော့ အတူတူပွင့်ကြတာပဲလေ အခွင့်အလမ်းက ဒါပေမဲ့ ကျွန်တော်တို့ မယှဉ်နိုင်တဲ့ အပိုင်းတွေက ဘာတွေလဲဆိုတော့ အများသိတဲ့အတိုင်းပဲလေ နည်းပညာကြောင့်ပဲ အရင်းအနှီးကြောင့် ဒီလောက်မဟုတ်တော့ဘူးထင်တယ် ကျွန်တော်ထင်တာကတော့ အရင်က နည်းပညာလည်းနိမ့်တယ်၊ အရင်းအနှီး ကလည်း မရဘူးဆိုတဲ့အပိုင်းပေါ့ အခုက အရင်းအနှီးက အထိုက်အလျောက်ရလာပြီဆိုတဲ့ ဟာမျိုးလေးတွေ့ရတယ်။ အဲဒါကတစ်ချက်ပေါ့ နောက်တစ်ခုကသူတို့နဲ့ ကျွန်တော်တို့မတူတာ ဘာလဲဆိုရင် သူတို့က အိတ်စပို့လုပ်မယ်ဆိုရင် အိတ်စပို့ကို subsidize လုပ်တယ်။ ဥပမာ ထိုင်းတို့ဘာတို့ဆိုရင် SME ပဲပို့ပို့ ဘယ်သူကပဲပို့ပို့ အိတ်စပို့ပို့မယ်ဆိုရင် subsidize လုပ်တယ် ထောက်ပံ့ကြေးပေးတယ်။ သူတို့က အခွန် မကောက်ဘဲ ထောက်ပံ့ကြေးပေးနေတဲ့အချိန်မှာ ကိုယ်ကအခွန်ကောက်သေးတယ်ဆိုတော့ အဲဒီမှာ သ့ွားပြီးမယှဉ်နိုင်တာမျိုးတွေ တွေ့ရ တယ်။ ဒါလည်းတစ်ချက်ပေါ့ ဒါပေမဲ့ သူသည် ၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်ဘူးပေါ့။”
မြန်မာနိုင်ငံအတွင်းက ပြည်တွင်းစက်မှုလုပ်ငန်းအများစုဟာ အသေးစားလုပ်ငန်း SME တွေဖြစ်ပြီး သွင်းကုန် အစားထိုးအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေများ ပါတယ်။ ကုန်ကြမ်းကတော့ ပြည်ပကနေယူရတာဖြစ်လို့ အဲဒီကုန်ကြမ်းအပေါ်မှာ သွင်းကုန်အခွန်ကို ၁၅% ကနေ ၃% ထိ အမျိုးအစားပေါ် မူတည်ပြီးပေးနေရပါတယ်။ ဒီလို ပေးနေရတာကလည်း ပြည်ပသွင်းကုန်တွေရဲ့ ဈေးနှုန်းကို ယှဉ်တဲ့အခါ အခက်အခဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကုန်သည်နှင့်စက်မှု လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဒေါက်တာမောင်မောင်လေးက အခုလိုပြောပါတယ်။
“ကုန်ကြမ်းနဲ့ပတ်သတ်တဲ့ အခွန်နှုန်းတားတွေကိုလျှော့ပါ အခုအင်ဒိုနီးရှားဒီနေ့ပြဿနာဖြစ်နေတဲ့ဟာကသူတို့အခွန်နှုန်းတားတွေ သွင်းကုန်တွေကို တင်ဖို့ဟာတွေကို သူတို့လုပ်နေတယ်။ငွေကစားတဲ့ဟာတွေကိုလည်းသူတို့ထိန်းဖို့လုပ်နေတယ်။ အင်ဒိုနီးရှားရဲ့ ရူပီကလည်း ဒီနေ့မှာအရမ်းကျတဲ့အတွက် သူတို့လည်း Alarm ဖြစ်သွားပါတယ်။ မြန်မာနိုင်ငံက ပွင့်လင်းလာတဲ့အတွက် Asean Economic Community ကလည်း အခုစပြီးအကောင်အထည်ဖော်တဲ့ဘဝရောက်တယ်။ ပြီးတော့ ပြည်ပကရင်းနှီးမြှုပ်နှံမယ့်သူတွေ ပြည်ပက ကုန်သွယ်မှုတွေ အကုန်လုံးဝင်လာတော့မှာပါ။ ဒီအချိန်မှာ သူတို့ ဒေသအတွင်းပဲကြည့်ပါ ဒေသတွင်းမှာ အာစီယံအတွင်းမှာပဲ သူတို့က နှစ်၂၀လောက်ရှိပြီ ပွင့်နေတဲ့ဟာ မြန်မာနိုင်ငံကမနေ့တစ်နေကမှ စပြီး ပွင့်တဲ့အတွက် ယှဉ်ပြိုင်နိုင်စွမ်းက နိမ့်နေ၊ လုံးဝလုံးဝမတူ ပါဘူး။ အကုန်လုံးဖွင့်ပေးပြီးလုပ်ခဲ့ရင် အသေးစားနဲ့ အလတ်စား SMEတွေ micro enterprise တွေ nano enterpriseတွေ လွှမ်းမိုးခံရမှာပဲ”
AEC ခေါ်တဲ့အာဆီယံစီးပွားရေး အသိုက်အဝန်းကို ဒေသတွင်းနိုင်ငံတွေအကြား ၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်မှာ စတင် အကောင်အထည်ဖေါ်ခဲ့ပေမဲ့ ဖွံ့ဖြိုးမှုနောက်ကျတဲ့ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာနဲ့ လာအို လေးနိုင်ငံကတော့ ၂ နှစ်ရွှေ့ဆိုင်းခွင့်ရခဲ့ပါတယ်။ အခု ၂၀၁၈ ဇန္နဝါရီလ တစ်ရက်နေကမှ အာဆီယံစီးပွားရေး အသိုက်အဝန်းမှာ မြန်မာနိုင်ငံ စတင်ပါဝင်လာခဲ့တာဖြစ်ပါတယ်။