သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ နေရပ်ပြန်ရေး သေချာလုပ်ဆောင်ဖို့ ASEAN တိုက်တွန်း


စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong
စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong

မြန်မာနိုင်ငံ ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် တဘက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေ၊ နေရပ်ကို ဂုဏ်သိက္ခာ ရှိရှိနဲ့ ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က တိုက်တွန်း သွားပါတယ်။ အရှေ့တောင် အာရှနိုင်ငံများအသင်း (ASEAN) ထိပ်သီးဆွေးနွေးပွဲရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း စင်္ကာပူဝန်ကြီးချုပ်က အခုလိုပြောသွားတာပါ။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအနေနဲ့ သူတို့ဆန္ဒအလျောက် နေရပ်ရင်း ပြန်တဲ့ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး အချိန်ဆိုင်းမနေပဲနဲ့ ချမှတ်ထားတဲ့ ကတိကဝတ်တွေအတိုင်း ဆောင်ရွက်သွားဖို့ ဝန်ကြီးချုပ် Lee Hsien Loong က ပြောပါတယ်။

ဒါ့အပြင် အာဆီယံအသင်းကြီးရဲ့ ခေါင်းဆောင်တွေဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in တို့ရဲ့ ကိုရီးယားကျွန်းဆွယ် တင်းမာမှုတွေလျော့ချရေး သမိုင်းဝင် ပထမဆုံး တွေ့ဆုံဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်လို့လည်း ကြိုဆိုလိုက်ပါတယ်။ ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကနေ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ကို ဆောင်ကျဉ်း လာလိမ့်မယ်လို့လည်း ဝန်ကြီးချုပ် Lee Hsien Loong က ပြောပါတယ်။

အပြုသဘောဆောင်တဲ့ ခြေလှမ်း စတင်လိုက်တာဖြစ်ပေမယ့်လည်း ရှေ့မှာဆက်ပြီး ဆွေးနွေးဖြေရှင်းရမယ့် အခက်အခဲတွေ ရှိနေနိုင်ကြောင်းလည်း သူက ထောက်ပြပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ၃၂ ကြိမ်မြောက် ASEAN အသင်းကြီးရဲ့ ထိပ်သီးအစည်းအဝေးပွဲအတွင်း ကုန်သွယ်ရေး စစ်ပွဲကို မလိုလားကြောင်းနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သတ်ပြီးတော့လည်း Lee Hsien Loong က သတိပေးပြောဆိုပါတယ်။ ဒီထိပ်သီးဆွေးနွေးပွဲကို ဒေသတွင်း အသင်းဝင်နိုင်ငံခေါင်းဆောင်တွေနဲ့အတူ မြန်မာသမ္မတ ဦးဝင်းမြင့်လည်း တက်ရောက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG