သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ဒေသတွင်းလုံခြုံရေးဆွေးနွေး


အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲ မကျင်းပခင် ဒေသတွင်း ဖြစ်ပေါ်နေတဲ့ ခြိမ်းခြောက်မှုတွေကို အဓိကထားပြီး လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

အစွန်းရောက်ဝါဒ ကြီးထွားလာနေတာ၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုနဲ့ ဆိုင်ဘာ ခြိမ်းချောက်မှု စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပွဲအတွင်း အဓိကထား ဆွေးနွေးကြမှာဖြစ်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က စည်းဝေးပွဲ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ မလေးရှားနဲ့ အင်ဒိုနီးရှား တို့ဟာ IS အစ္စလာမ်စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ နယ်စပ်ဖြတ်ကျော် အဖွဲ့အစည်းတွေ အပါအ၀င် အကြမ်းဖက် အဖွဲ့အစည်းတွေကို တိုက်ခိုက်နေကြတာပါ။

အာဆီယံ စည်းဝေးပွဲတွေကိုတော့ လူဦးရေ ၅.၆ သန်းသာရှိပြီး အသေးဆုံးအဖွဲ့ဝင်တွေထဲမှာ အသေးဆုံးဖြစ်ပေမယ့် အချမ်းသာဆုံး နိုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံမှာ ကျင်းပနေတာပါ။ အဖွဲ့အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေ ပါဝင်သလို တခြား ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေလည်း ပါဝင်ပါတယ်။

အာဆီယံ ခေါင်းဆောင်တွေဟာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ ဒုက္ခသည်ဆိုင်ရာ ပဋိပက္ခ တွေကိုလည်း ထည့်သွင်း ဆွေးနွေးကြဖို့ ရှိနေပါတယ်။ ဒါ့အပြင် ဒီကနေ့ ကျင်းပခဲ့တဲ့ တောင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေရဲ့ ထိပ်သီး စည်းဝေးပွဲအကြောင်းကိုလည်း ဆွေးနွေးကြလိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ပေါ်ဖို့နဲ့ ငြိမ်းချမ်းရေး ရရှိရေးတို့အတွက် အာဆီယံခေါင်းဆောင်တွေက စည်းရုံး ပြောဆိုနေကြတာ ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နြူကလီးယား အစီအစဉ်အပေါ် စိုးရိမ်နေကြပေမယ့် မြောက်ကိုရီးယားရဲ့ သံရုံးတွေကို ဖွင့်ခွင့်ပေးထားတဲ့ အရှေ့တောင် အာရှ နိုင်ငံတွေအတွက် ကိုရီးယား ၂ နိုင်ငံအကြား အခုလို တွေ့ဆုံ ဆွေးနွေးကြတာဟာ ဒေသအတွက် ကောင်းမွန်တဲ့ တိုးတက်မှုဖြစ်ပါတယ်။

အိမ်ရှင် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကလည်း ညီညွတ်ရေးအတွက် လုပ်ဆောင်ကြဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ၃၂ ကြိမ်မြောက် အာဆီယံ ထိပ်သီးစည်းဝေးပွဲဟာ စနေနေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG