သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN မှာ ရိုဟင်ဂျာအရေး ဆွေးနွေး


၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံ (ဇွန်၊ ၂၂၊ ၂၀၁၉)
၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံ (ဇွန်၊ ၂၂၊ ၂၀၁၉)

အရှေ့တောင်အာရှ နိုင်ငံများ အသင်း အာဆီယံ ထိပ်သီး ညီလာခံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ စနေနေ့က စတင်လိုက်ပါတယ်။ ထိပ်သီးညီလာခံ အကြို ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲမှာတော့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေးကို အကျေအလည် ဆွေးနွေးခဲ့ကြပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံနေကြရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး တိကျ ရှင်းလင်းတဲ့ အချိန်ကာလ သတ်မှတ်ချက် တခုကို လိုချင်ကြောင်း အရှေ့တောင် အာရှ နိုင်ငံများ အသင်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက ပြောဆိုလိုက်ကြပါတယ်။ အချိန်ကာလ သတ်မှတ်ချက် တိတိကျကျ သိလိုနေတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai က စနေနေ့မှာ ပြောတာပါ။ ဒီလို အချိန်ကာလ သတ်မှတ်နိုင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဆွေးနွေးစေလိုတယ်လို့လည်း အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ အကြို ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အပြီး အိမ်ရှင် ထိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲကနေ ရခိုင်ပြည်နယ်ကို ဆန္ဒအလျောက် ပြန်လိုသူတွေကို နိုင်ငံသား စိစစ်ခံမယ့်သူတွေ အတွက် သက်သေခံ ကဒ်ပြား NVC ကဒ်တွေ ထုတ်ပေးဖို့ မြန်မာအစိုးရဘက်က သုံးသပ်နေကြောင်းလည်း သူက ပြောပါတယ်။ ဒုက္ခသည်တွေ ဘေးကင်းလုံခြုံမှု ရှိရှိ ဌာနေပြန်ရေး နောက် သူတို့ ဌာနေပြန်လာချိန်မှာ မြန်မာ လူမှုအသိုင်းအဝိုင်းအတွင်း သူတို့ကို လက်ခံအသိအမှတ်ပြုမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတယ်လို့လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai

ဒီပြဿနာကို ဖြေရှင်းရေး မြန်မာဘက်က ရည်ရွယ် ဆောင်ရွက်မှုတွေကို အာဆီယံဘက် အသိအမှတ်ပြုကြောင်းနဲ့ သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ အာဆီယံဘက်က အားပေးထောက်ကူသွားမှာ ဖြစ်ပြီး ဒုက္ခသည်တွေ ဌာနေပြန်ရေး စတင်မှုကိုလည်း စောင့်ကြည့်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။ သက်ဆိုင်ရာတွေ အနေနဲ့လည်း ဒုက္ခသည်တွေကြားမှာ သူတို့ ရခိုင်ပြည်နယ်တွင်းမှာ ဘေးကင်းလုံခြုံမှု ရှိရှိ နေထိုင်ရမယ်ဆိုတာကို အာမခံချက်ပေးပြီး ယုံကြည်မှုရအောင် တည်ဆောက်ရမှာ ဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူထားတဲ့ ဒုက္ခသည်တွေ ဌာနေပြန်ရေး အစီအစဉ်ကလည်း ဘေးကင်းလုံခြုံရေး စိုးရိမ်ချက်ကြောင့် ဒုက္ခသည်တွေက လက်မခံတာကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ကတည်းက ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေတာပါ။ မြန်မာဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံဘဲ ဒုက္ခသည်တွေဘက်ကတော့ ရိုဟင်ဂျာဆိုတာကို အသိအမှတ်ပြုပြီး နိုင်ငံသား ပေးဖို့ တစိုက်မတ်မတ် တောင်းဆိုနေတာပါ။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲကိုတော့ မြန်မာဘက်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့တာပါ။ ရိုဟင်ဂျာ ဒုက္ခသည် သိန်းနဲ့ချီ ဌာနေပြန်ရေး အပြင် တောင်တရုတ် ပင်လယ်ပြင် ပိုင်ဆိုင်မှု အငြင်းပွားမှုတွေနဲ့ပါ ရင်ဆိုင်နေရတဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကြား အခက်အခဲတွေ မရေရာမှုတွေ ပိုပြီး ကြုံတွေ့လာနေရတယ်လို့လည်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Don Pramudwinai က အစည်းအဝေးတွင်း ပြောဆိုခဲ့ပါတယ်။

အာဆီယံ အတွက် လိုအပ်ချက်ကတော့ အဓိကအားဖြင့် စည်းလုံညီညွတ်မှုပဲ ဖြစ်ပါတယ်။ ဒေသတွင်း အခက်အခဲတွေ မရေရာမှုတွေ ပိုများလာနေတဲ့ အခုလို အချိန်မှာ ဒေသတွင်း ဘုံအကျိုးစီးပွားတွေကို မျှဝေရေးက အင်မတန် အရေးကြီးနေပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ပြင် အတွင်း ငါးဖမ်းသမား ၂၂ ဦး လိုက်ပါလာတဲ့ ဖိလစ်ပိုင် ငါးဖမ်းသဘောၤကို တရုတ်သဘောၤက တိုက်မိ နစ်မြှုပ်ခဲ့ပြီးနောက် အခု ကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ တောင်တရုတ် ပင်လယ်ပြင် အရေးကလည်း အဓိက အကြောင်းအရာ တခု ဖြစ်နေပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တေ်ာမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံကိုတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေပါတယ်။

ASEAN မှာ ရိုဟင်ဂျာအရေး ဆွေးနွေး
please wait

No media source currently available

0:00 0:03:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG