သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာ့အခြေအနေ အင်ဒို နဲ့ ကုလ ရှုတ်ချ 


Cambodia ASEAN
Cambodia ASEAN

မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုမိုဆိုးဝါး ကျဆင်းလာနေပြီး ၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ရပ်ကို ဖြည့်ဆည်း အကောင်ထည်ဖေါ်ဖို့ ပျက်ကွက်နေဆဲ ဖြစ်တယ်လို့ အာဆီယံခေါင်းဆောင်တချို့နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့က ထောက်ပြ ပြောဆိုလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။  

မြန်မာ့အခြေအနေ အင်ဒို နဲ့ ကုလ ရှုတ်ချ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုမိုဆိုးဝါး ကျဆင်းလာနေပြီး ၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅)ရပ်ကို ဖြည့်ဆည်း အကောင်ထည်ဖေါ်ဖို့ ပျက်ကွက်နေဆဲ ဖြစ်တယ်လို့ အာဆီယံခေါင်းဆောင်တချို့နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တို့က သောကြာနေ့ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ ထောက်ပြ ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရလာစေဖို့ အာဆီယံအနေနဲ့ ခေါင်းဆောင်မှု ပျက်ကွက်နေဆဲဖြစ်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တချို့ကလည်း ဝေဖန်လိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။


စစ်ကောင်စီဖက်က လိုက်လျောဆောင်ရွက်နိုင်မယ့် အစီအစဉ်တွေနဲ့အတူ မြန်မာနိုင်ငံတွင်း ငြိမ်းချမ်းရေး ရလာအောင် ဘယ်လို ဖိအားပေးကြမလဲဆိုတဲ့ အာဆီယံအဖွဲ့တွင်း အားလုံးက သဘောတူနိုင်မယ့် အခြေအနေတခုကို သောကြာနေ့ အာဆီယံ ထိပ်သီးညီလာခံမှာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ တိုးတက်မှု မရှိသေးဘူးလို့ မကြာခင် အာဆီယံအလှည့်ကျဥက္ကဌ ဖြစ်လာမယ့် အင်ဒိုနီးရှား သမ္မတ Joko Widodo က သတင်းထောက်တွေကို ပြောပါတယ်။

“အင်ဒိုနီးရှားအနေနဲ့ အတော့်ကို စိတ်ပျက်မိပါတယ်။ မြန်မာပြည်တွင်း အခြေအနေက ပိုဆိုးလာသလို၊ အာဆီယံ ဘုံ သဘောတူချက် (၅)ရပ်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဖက်ကလည်း တိုးတက်မှုရှိလာအောင် သိသာတဲ့ တာဝန်ခံ လုပ်ဆောင်မှုမျိုး မတွေ့ရပါဘူး။ မြန်မာနိုင်ငံရဲ့အခြေအနေကြောင့် အာဆီယံရဲ့ပုံရိပ် ထိခိုက်တာမျိုးကို လက်မခံနိုင်ပါဘူး။”

ဒါ့အပြင် မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ကြဖို့ အင်ဒိုနီးရှားက ထပ်လောင်း တောင်းဆိုသလို၊ မြန်မာ့ ပြဿနာက အာဆီယံအဖွဲ့ကြီးကို ဓါးစာခံလုပ်ထားတာမျိုး မဖြစ်သင့်ဘူးလို့လည်း အင်ဒိုနီးရှားသမ္မတ Joko Widodo က ပြောသွားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်ကို အပြည့်အဝ အကောင်အထည် မဖေါ်မချင်း အာဆီယံထိပ်သီးညီလာခံ တွေမှာရော၊ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေမှာပါ စစ်ကောင်စီရဲ့ ထိပ်တန်းခေါင်းဆောင်တွေကို တက်ခွင့်မပေးပဲ တားမြစ် ထားပြီး နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တဦးကို စေလွှတ်ခွင့် ပေးထားပေမဲ့ စစ်ကောင်စီဖက်ကတော့ စေလွှတ်ခြင်း မရှိပါဘူး။ ဒါပေမဲ့ အခြားသော အာဆီယံဒေသတွင်း ဆွေးနွေးပွဲတွေမှာတော့ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို တက်ရောက်ခွင့် ပေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံကတော့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ပိုပြင်းထန်တဲ့ ဖိအားပေးဆောင်ရွက်မှုတွေ လုပ်သင့်တယ်လို့ အကြံပြုထားပြီး၊ ဒါကို စင်္ကာပူ မလေးရှားနဲ့ ဒီတကြိမ်မှာ ဘရူနိုင်းနိုင်ငံကပါ သဘောတူကြပေမယ့်၊ အင်ဒိုနီးရှားရဲ့ အဆိုပြု ချက်ကို ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံတွေက ကန့်ကွက်ကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံကို တက်ရောက်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း မြန်မာပြည်တွင်း နိုင်ငံရေးအကျဉ်း သားတွေအားလုံး ပြန်လွှတ်ပေးပြီး ဒီမိုကရေစီလမ်းကို ပြန်သွားနိုင်ဖို့ တွေ့ဆုံဆွေးနွေးရေး စလုပ်ဖို့ တောင်းဆိုပါတယ်။

“ အရပ်သားတွေပေါ် အဆင်ခြင်မဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုမြောက်နိုင်တာမို့ ဒါတွေကို ရပ်တန့်ဖို့လိုပါတယ်။ ထပ်မံ တောင်းဆိုလိုတာကတော့ နိုင်ငံရေးအကျဉ်းသား အားလုံးကိုပြန်လွှတ်ပေးပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားနိုင်ရေး အာလုံးပါဝင်မယ့် တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ အမြန်ဆောင်ရွက်သင့် ပါတယ်။ ဒီနည်းကသာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ရစေမှာပါ။”

လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ Fortify Rights အဖွဲ့ကတော့ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ အာဆီယံ အနေနဲ့ ခေါင်းဆောင်မှု ပျက်ကွက်နေဆဲဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။ Fortify Rights အဖွဲ့ရဲ့ ပြောခွင့်ရသူ Patrick Phongsathorn ပြောတာက -

“ ထောင်ကျော်တဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီက သတ်ခဲ့တယ်ဆိုတာရော၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချထားတယ်ဆိုတာကိုပါ အာဆီယံ ဝန်ကြီးတွေ ကောင်းကောင်း သိကြပါတယ်။ ဒါပေမဲ့ မြန်မာ့ပြဿနာဖြေရှင်းရေးမှာ ဒီကိစ္စပေါ် သြဇာသက်ရောက်မယ့် ပြင်ပက ဝင်ရောက်ဖြေရှင်း ပေးသူတွေကိုလည်း အာဆီယံက လက်ရှောင်နေတာကို ကြည့်ရင် အာဆီယံက မြန်မာ့ပြဿနာကို တကယ်ရော ပြေလည်စေချင်တဲ့ ဆန္ဒရှိသလားဆိုတာ သံသယဝင်မိပါတယ်။”

အာဆီယံ ခေါင်းဆောင်တွေရဲ့ပြန်လည်သုံးသပ် ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဌာနက ကန့်ကွက်စာ သောကြာနေ့က တစောင်ထုတ်ပြန်ခဲ့ပြီး စာထဲမှတော့ မြန်မာနိုင်ငံကို ချန်လှပ်ပြီး အာဆီယံ ၉ နိုင်ငံထဲက မြန်မာ့အရေးကို ဆွေးနွေးဆုံးဖြတ်နေကြတာဟာ အာဆီယံပဋိညာဉ်ပါ အခြေခံမူတွေကို သွေဖယ်နေ တယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

..........................................................


{{Zawgyi/Unicode}}













XS
SM
MD
LG