သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ-အမေရိကန် ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးပြီးဆုံး


အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေး (ဧပြီ-၂၀၁၄၊ ဟာဝိုင်အီ) သတင်းဓာတ်ပုံ-ဦးရော်နီငြိမ်း
မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် အပါအဝင် အရှေ့တောင်အာရှ ကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel တို့ဟာ Hawaii မှာ တွေ့ဆုံခဲ့ကြတာ ဒီကနေ့ နောက်ဆုံးနေ့ဖြစ်ပါတယ်။ ဒါနဲ့ပါတ်သက်ပြီးတော့ Hawaii က အဲ့ဒီ့ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့တဲ့ ကျနော်တို့ရဲ့ ဗွီအိုအေဝိုင်းတော်သား ဦးရော်နီငြိမ်းကို ဒီကိစ္စနဲ့ပါတ်သက်ပြီးတော့ ဆက်သွယ်မေးမြန်းသွားမှာဖြစ်ပါတယ်။

VOA။ ။ ဦးရော်နီငြိမ်း ကြားရပါလား။ အမေရိကန်နဲ့ မြန်မာ စစ်ဖက် တာဝန်ရှိသူတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးပြီးတော့ သတင်းစာရှင်းလင်းပွဲ လုပ်တယ်ကြားရပါတယ်။ အဲ့ဒီ့မှာ သူတို့ဘာတွေ ဆွေးနွေးကြသလဲ။ ပြီးတော့ ဦးရော်နီကရော ဘာတွေမေးဖြစ်ခဲ့တယ်ဆိုတဲ့ အခြေအနေလေးကို နည်းနည်းပြောပြပေးပါလားဗျ။

အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ (ဧပြီ ၃၊ ၂၀၁၄၊ ဟာဝိုင်အီ) သတင်းဓာတ်ပုံ- ဦးရော်နီငြိမ်း
အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် အာဆီယံကာကွယ်ရေးဝန်ကြီးများ (ဧပြီ ၃၊ ၂၀၁၄၊ ဟာဝိုင်အီ) သတင်းဓာတ်ပုံ- ဦးရော်နီငြိမ်း
ဦးရော်နီငြိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ။ နှစ်နိုင်ငံတည်း ဆွေးနွေးတာတော့ မဟုတ်ပါဘူး။ သူတို့ အာဆီယံဆယ်နိုင်ငံနဲ့ ဒီက အမေရိကန်ကာကွယ်ရေးဝန်ကြီး Hagel တို့ ဆွေးနွေးကြတာပေါ့နော်။ အဓိက သူက ပြန်ပြီး သတင်းစာ ရှင်းလင်းပွဲကို Hagel တစ်ယောက်တည်း တက်လာပြီး ပြန်ရှင်းပြတာကတော့ သူတို့ လုံခြုံရေးနဲ့ပါတ်သက်ပြီးတော့ လူသားချင်းစာနာထောက်ထားမှု အကူအညီ နဲ့ ကယ်ဆယ်ရေးပေါ့နော်။ သဘာဝ ဘေးအန္တရာယ် ပေါ့နော်။ အဲ့တာတွေကို ဘယ်လို အဓိကထားပြီး လုပ်ကြမလဲဆိုတာ အဓိကထားပြီး သူတို့ ဆွေးနွေးတဲ့ အကြောင်းနဲ့ တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းရေး၊ နောက်တခါ အရှေ့တောင်အာရှကို "Rebalance Power" ဆိုတဲဟာကို ပြန်လုပ်တဲ့အခါမှာ သူတို့ဟာ အင်အားချိန်ခွင် ညှာပြန်လည် ထိန်းညှိတယ် ဆိုတာ တရုတ်နဲ့ ဂုဏ်တုဂုဏ်ပြိုင် လုပ်ဖို့ မဟုတ်ဘူး။ ဒါပူးပေါင်းဆောင်ရွက်ရေးဆိုတာ ဒါတွေ သူက ကျနော်တို့ကို ရှင်းပြသွားပါတယ်။

အဲ့ဒီ့မှာ ကျနော်က မစ္စတာ Hagel ကိုမေးပါတယ်။ ကျနော်တို့ ဒီ၄၈ခုနှစ်အတွင်း မှာပေါ့နော်။ ၄၈နှစ် အတွင်းမှာ ၁၉၆၆တုန်းက ဗိုလ်ချုပ်ကြီးနေဝင်း၊ ကာကွယ်ရေး ဝန်ကြီး အနေနဲ့ရော၊ နိုင်ငံတော် အကြီးအကဲ အနေနဲ့ရော မြန်မာနိုင်ငံ ကနေ အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့ပြီးတဲ့နောက် ဒါ အခုပထမဆုံး အကြိမ် မြန်မာကာကွယ်ရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စုကို မစ္စတာ Hagel တို့ ဖိတ်ကြားခဲ့တာဟာ အခုလိုမျိုး ကွန်ကရက်လွှတ်တော်ကနေပြီးတော့မှ သမ္မတအိုဘားမား အစိုးရနဲ့ မစ္စတာ Hagel တို့ ဝန်ကြီးဌာနတွေ ဟာ မြန်မာ့တပ်မတော်နဲ့ သိပ်ပြီးတော့ Favor ပေးချင်တဲ့ အနေအထားတွေ ရှိနေတယ်လို့ သူတို့တွေ ပြောဆိုနေတဲ့ အချိန်မှာ ဘာကြောင့် ဗိုလ်ချုပ်ကြီးဝေလွင်ကို ဖိတ်ပါသလဲလို့ ကျနော်က မစ္စတာ Hagelကို မေးခဲ့ပါတယ်ခင်ဗျာ။

(အမေရိကန်ကာကွယ်ရေးဝန်ကြီး Hagel ဖြေကြားသံ)

အဲ့တာကတော့ မစ္စတာHagelက ကျနော့်ကိုပြန်ဖြေ တာပါ။ သူပြောတာက ဒီကိစ္စဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်နေတယ်လို့ သူထင်ပါတယ်တဲ။ သူတို့တိုင်းပြည်ဟာ လူ့အခွင့်အရေးကို လေးစား လိုက်နာတဲ့ နိုင်ငံဖြစ်တယ်။ ဥပဒေလည်း ပြဌာန်းပြီးတော့ အတိအကျ လုပ်ဆောင်နိုင်သမျ လုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်တယ်။ တခြားနိုင်ငံတွေမှာ လူ့အခွင့်အရေး အားနည်းနေတဲ့ နိုင်ငံတွေနဲ့ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ လူ့အခွင့်အရေး၊ နဲ့ပတ်သက်ပြီးတော့ ပစ်ပယ်ထားခြင်းမရှိပဲနဲ့ လက်တွဲခေါ်ယူမယ်ပေါ့။

နောက်ပြီးတော့ Partnership အရှေ့တောင်အာရှမှာ လုပ်ဖော်ကိုင်ဖက်အနေနဲ့ သွားတဲ့ပေါ်လစီနဲ့ ပြောင်းပြီးလုပ်ကိုင်နေတာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ Partnership သဘောတရားအောက်မှာ သူတို့သွားနေတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး အားနည်းနေတယ် လို့ ပြောဆိုမှုတွေရှိနေပေမဲ့လည်း ဒါက သူတို့က လက်တွဲခေါ်ယူဖို့အတွက်ပဲ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ မြန်မာနိုင်ငံ ဟာ နိုင်ငံတကာ မိသားစု အသိုင်းအဝိုင်းထဲမှာ အမြဲတမ်း ပါဝင်ဆောင်ရွက်ပြီးတော့ ပြောင်းလဲ လာအောင်လုပ်မယ်လို့ သူက ပြန်ပြီးဖြေကြားသွားပါတယ်ခင်ဗျာ။

US-ASEAN Defense Forum တက်ရောက်နေတဲ့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်။ (သတင်းဓာတ်ပုံ-ဦးရော်နီငြိမ်း)
US-ASEAN Defense Forum တက်ရောက်နေတဲ့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်။ (သတင်းဓာတ်ပုံ-ဦးရော်နီငြိမ်း)

အဲ့ဒီ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အမေရိကန် ကွန်ကရက်လွှတ်တော်နဲ့
ပြေလည်အောင်ပေါ့ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ဗိုလ်ချုပ်ကြီးဝေလွင် ကို မေးတဲ့အခါမှာ သူက အခုလိုပြောပါတယ်။

"မနှစ်ကပေါ့။ မနှစ်က ၂၀၁၃ခုနှစ်၊ မေတုန်းက ကျနော်တို့ သမ္မတကြီးလည်း ဝါရှင်တန်ဒီစီကို ချစ်ကြည်ရေးခရီး လာရောက်ခဲ့ပါတယ်။ အဲ့ဒီ့ လာရောက်ခဲ့တုန်းက ကျနော်တို့ သမ္မတကြီးအနေနဲ့ အမေရိကန်ရဲ့ အထက် လွှတ်တော်အမတ်တွေရော၊ အောက်လွှတ်တော်အမတ်တွေရော သွားရောက်ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အခြေအနေတွေကိုလည်း ကျနော်တို့ ရှင်းလင်းခဲ့ပါတယ်။

အရင်တုန်းက အရမ်းဝေးနေတဲ့အချိန်ကနေစပြီးတော့ သမ္မတကြီး ရှင်းပြတဲ့အချိန်မှာ သူတို့တော်တော်လေးပဲ ကျနော်ခံစားရတာကတော့ သူတို့ တော်တော်နားလည်မှုပိုရတယ်လို့ ကျနော်မြင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သမ္မတကြီး ခရီးစဉ်ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ လွှတ်တော် အထက် လွှတ်တော် အမတ်တွေရော၊ အောက်လွှတ်တော်အမတ်တွေရော၊ ကျနော်တို့ နိုင်ငံကို မကြာခဏ ရောက်ပြီးတော့ လာပြီးတော့ တွေ့တာတွေ၊ ဝန်ကြီးဌာနနဲ့တွေ့တာတွေ၊ မြေပြင်အခြေအနေတွေ လာပြီးတော့ လေ့လာ တာတွေ ရှိတဲ့ပုံပေါ်ပါတယ်။ ဒါကြောင့်မို့လို့ ဟိုးအရင်ထက်စာလို့ရှိရင်တော့ လွှတ်တော်အမတ်တွေရဲ့ အနေအထားတွေဟာ ပိုပြီးတော့ နားလည်မှုရ လာတယ်လို့ ကျနော်အနေနဲ့မြင်ပါတယ်။ "

ဟုတ်ကဲ့။ ဒါကတော့ Hawaiiမှာ ရောက်ရှိနေတဲ့ ဦးရော်နီငြိမ်းကို ကျနော်တို့ ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG