သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Asia Bibi ရဲ့ ခင်ပွန်း အမေရိကန်မှာ ခိုလှုံခွင့်ရဖို့ ကြိုးစားတဲ့သတင်း ထွက်ပေါ်


Asia Bibi
Asia Bibi

ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ်ဘာသာရဲ့ တမန်တော်မိုဟာမက်ကို ပုတ်ခတ်စော်ကားတယ်ဆိုတဲ့ စွဲချက်နဲ့ သေဒဏ်ချမှတ်ခံခဲ့ရပြီး ရှစ်နှစ်ကြာမှာ အယူခံနဲ့ သေဒဏ်ကလွတ်လာတဲ့ ခရစ်ယာန်ဘာသာဝင်အမျိုးသမီး Asia Bibi ရဲ့ ခင်ပွန်းဖြစ်သူက အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်ပေးဖို့ သမ္မတ Donald Trump ကို ပန်ကြားနေကြောင်း ရိုက်တားစ် သတင်းမှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်ပါကစ္စတန် ခရစ်ယာန်အသင်းက ရိုက်ကူးထားတဲ့ ဗီဒီယိုအရရော ရိုက်တာသတင်းဌာနရဲ့ တနင်္ဂနွေနေ့က တွေ့မြင်ချက်အရပါ ဆိုရင် Asia Bibi ရဲ့ ခင်ပွန်း Ashiq Masih က သူတို့ မိသားစုဝင်တွေရဲ့ အသက်ဘေး အန္တရာယ် ရှိနေတဲ့အတွက် အကူအညီပေးဖို့ ဗြိတိန်အစိုးရနဲ့ ကနေဒါ အစိုးရတွေကိုပါ ပန်ကြားထားတာဖြစ်ပါတယ်။ Asia Bibi ရဲ့အမှုနဲ့ ပတ်သက်ပြီး ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေကို စိတ်ဆိုး ဒေါသထွက် စေခဲ့တာပါ။

အခုလို သူ့ခင်ပွန်းရဲ့ပန်ကြားချက်နဲ့ ပတ်သက်ပြီး Islamabad မှာ ရှိတဲ့ အမေရိကန်သံရုံးကရော၊ ဗြိတိသျှ နဲ့ ကနေဒါ ကော်မရှင်နာမင်းကြီး ရုံးတွေကပါ ချက်ချင်း တုန့်ပြန်ချက်မပေးကြဘူးလို့လည်း ရိုက်တားစ် သတင်းမှာ ဖေါ်ပြပါတယ်။

သူ့ကို လွှတ်ပေးလိုက်တဲ့ အတွက် ဒီသီတင်းပတ် အစောပိုင်းကတည်းက အစ္စလာမ်ဘာသာဝင်တွေရဲ့ ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာတာမို့ စနေနေ့ကတော့ သူ့ကို သေဒဏ်ကလွတ်အောင် ကူညီလုပ်ဆောင်ပေးခဲ့တဲ့ ဥပဒေအကျိုးဆောင် Saiful Mulook က အသက်အန္တရာယ် စိုးရိမ်ရတာမို့ ပါကစ္စတန်ကနေ သူ ထွက်ပြေးခဲ့ရတယ်လို့ ပြောပါတယ်။

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ Tehreek e-Labbaik ya Rasool Allah (TLYR) အဖွဲ့ဝင်တွေဟာ ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့ကြီး သုံးမြို့က လမ်းမကြီးတွေကို ပိတ်ဆို့ခဲ့ကြပြီး Asia Bibi မှာ အပြစ် မရှိကြောင်း ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ခဲ့တဲ့ တရားရုံးချုပ် တရားသူကြီးတွေကို သတ်ပစ်ဖို့ တောင်းဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG