သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် (၇၉) နှစ်ပြည့်မွေးနေ့ နိုင်ငံအဝှမ်းနဲ့နိုင်ငံတကာမှာ ကျင်းပကြမည်


ထောင်ဒဏ် ၂၇ နှစ်ကျခံနေရသူ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ယခင်မှတ်တမ်းဓာတ်ပုံ- စက်တင်ဘာ ၁၉၊ ၂၀၁၇)
ထောင်ဒဏ် ၂၇ နှစ်ကျခံနေရသူ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ယခင်မှတ်တမ်းဓာတ်ပုံ- စက်တင်ဘာ ၁၉၊ ၂၀၁၇)

အထိန်းသိမ်းခံနေရတဲ့ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ အခမ်းအနားတွေကို နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီရေးအင်အားစုတွေ ပြင်ဆင်ကျင်းပနေကြပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့မှာပဲ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသူတွေအပါအဝင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်အားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်ကောင်စီကို တောင်းဆိုတိုက်တွန်းတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက VOA ကို ပြောပါတယ်။ မြန်မာပြည်သူတွေရဲ့အကျိုးစီးပွားအတွက် သဘောတူထားတဲ့ အာဆီယံဘုံသဘောထားငါးချက်နဲ့အညီ ငြိမ်းချမ်းစွာအဖြေထုတ်နိုင်ရေး သက်ဆိုင်တဲ့အစုအဖွဲ့အားလုံးနဲ့ အပြုသဘောဆောင်ဆွေးနွေးဖို့ကိုလည်း စစ်ကောင်စီကို ဆက်လက်တောင်းဆိုနေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၇၉ နှစ်ပြည့်မွေးနေ့အခမ်းအနားကျင်းပကြဖို့ မြန်မာပြည်တွင်း လွတ်မြောက်ဒေသတွေနဲ့ နိုင်ငံတကာအသီးသီးမှာရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီရေးအဖွဲ့အစည်းတွေက ပြင်ဆင်ဆောင်ရွက်ထားကြပါတယ်။ နိုင်ငံအတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုဂုဏ်ပြုတဲ့အနေနဲ့ ပန်းသပိတ်ဆင်နွှဲကြဖို့ ပြည်တွင်းသပိတ်အဖွဲ့တွေက တိုက်တွန်းလှုံ့ဆော်နေကြပါတယ်။

အသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်အာဏာသိမ်းတဲ့နေ့ကစလို့ ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲက ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။

အတည်မပြုနိုင်တဲ့သတင်းတွေအရတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ကနေ နေအိမ်အကျယ်ချုပ်ထားရှိရာကနေ ခုတခါမှာတော့ နေပြည်တော် စစ်ကောင်စီဝင်တွေနေတဲ့နေရာကို ခေါ်ဆောင်ခံထားရတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားသလဲဆိုတာ စစ်ကောင်စီဘက်က အခုချိန်အထိ တရားဝင်မပြောပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG