သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေအိမ်ကြမ်းခင်းဈေးလျှော့ဖို့ လျှောက်ထားချက် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကန့်ကွက်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ရှိ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် (နိုဝင်ဘာ၊ ၂၀၁၂)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ရှိ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် (နိုဝင်ဘာ၊ ၂၀၁၂)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို ကြမ်းခင်းဈေးလျှော့ပြီး လေလံတင်ရောင်းချဖို့ အကို ဦးအောင်ဆန်းဦး တင်သွင်းတဲ့အဆိုကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက ဒီကနေ့ တရား ရုံးမှာ ကန့်ကွက်လိုက်ပါတယ်။ ဒီကိစ္စအတွက် ဇွန်လ ၁၂ ရက်နေ့ကျရင် ၂ ဘက်ရှေ့နေတွေ တရားရုံးမှာ အပြန်အလှန် လျှောက်လဲချက်ပေးကြရမှာဖြစ်ပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို မစုမြတ်မွန်က ပြောပြပါမယ်။

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို အရင် ကြမ်းခင်းခင်းဈေးထက်လျှော့ပြီး ရောင်းဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးက မေလ ၂၃ ရက်နေ့က တရားရုံးကို လျှောက်ထားခဲ့တာပါ။ ကနဦး လေလံစျေးဖြစ်တဲ့ ကျပ်ငွေ ၃၁၅ ဘီလီယံကို ကျပ်ငွေ ဘီလီယံ ၃၀ လျှော့ပြီး ကျပ်ငွေ ၂၈၅ဘီလီယံ နဲ့ရောင်းချနိုင်ဖို့ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

ဒါတင်မက ဦးအောင်ဆန်းဦးက ဝယ်သူကို နေအိမ်ထဲ လိုက်ပြခွင့် တောင်းခံထားမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က လက်မခံနိုင်ကြောင်းတရားရုံးကို တင်ပြခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။ ကန့်ကွက်မှုနဲ့ပတ်သတ်လို့ တရားရုံးက လာမယ့် ဇွန် ၁၂ ရက်နေ့မှာ ၂ ဖက်လျှောက်လဲချက်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးတာ၊ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်မသိဘဲ လေလံစွဲခွင့်ပေးတာက ဥပဒေအရ မညီညွှတ်ဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က တရားရုံးမှာ ကန့်ကွက်ထားတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအိမ်ကို ပြတိုက်အနေနဲ့ထားဖို့သဘောရှိတဲ့အကြောင်း သားဖြစ်သူ ကင်မ်အဲရစ်က ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ ပြောကြားထားတာပါ။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် မိသားစုပိုင်အိမ်ကို စစ်ကောင်စီ တရားရုံးမှာ လေလံတင်ပြီးရောင်းချခွင့်ပြုထားတဲ့အပေါ်မှာ ဥပဒေပညာရှင် တဦးက အခုလို သုံးသပ်ပါတယ်။

"လေလံဆွဲမယ့်သူရှိပါ့မလားဆိုတာကျတော့ သာမန်အားဖြင့်ဆိုရင်တော့ ရှိကောင်းရှိနိုင်တာပေါ့။ ဒါကသမိုင်းဝင်အိမ်လဲဖြစ်တယ်။ နိုင်ငံ ခေါင်းဆောင်တဦး အစဉ်အဆက်နေထိုင်ခဲ့တဲ့နေရာဆိုတော့ သမိုင်းတန်ဖိုးကြီးမားပါတယ်။ ဒီလို သမိုင်းတန်ဖိုးအင်မတန်ကြီးတော့ ဝယ်မယ့်ဆွဲ မယ့်သူ အင်မတန်နည်းပါလိမ့်မယ်။ ဒီအိမ်ရယ် လက်ရှိရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဩဇာ ပေါ့ အင်မတန်နိုင်ငံရေးဩဇာကြီး တော့ သမိုင်းမှာတရားခံမဖြစ်ချင်ဘူး။ ဒီဟာထဲဘယ်သူမှလက်ဝင်မရှိုချင်ကြဘူး အဓိကကအဲဒါပါဘဲ။ နိုင်ငံရေးဩဇာအင်မတန်ကြီးတဲ့သူဆို တော့ ရှောင်နေကြတာပေါ့ အဲဒါပါဘဲ။"

တက္ကသိုလ်ရိပ်သာလမ်းအိမ်ကို လေလံတင်ရောင်းချပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့ ခွဲဝေယူဖို့ တရားရုံးက ဒီနှစ် ဇန်နဝါရီလ ထဲမှာ ဆုံးဖြတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လ ၂၀ရက်နေ့က ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ် မယ့်သူမရှိခဲ့ပါဘူး။ ဒါကြောင့် ဦးအောင်ဆန်းဦးဘက်က စျေးကိုလျှော့ပြီး ကြမ်းခင်းဈေးကို လျှော့ပေးဖို့ တရားရုံးမှာ လျှောက်ထားခဲ့တာဖြစ်ပါတယ်။ လေလံသဘောတရားအရ အခုသတ်မှတ်လိုက်တဲ့ စျေးသစ်အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်မယ်ဆိုရင် အဆင့်ဆင့် တရားရုံးတင် ကန့်ကွက်နိုင်ပါသေးတယ်။

၂ဝဝ၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကို ဦးအောင်ဆန်းဦးက နေအိမ်ကို အမွေခွဲဝေယူလိုကြောင်း တရားရုံးမှာ လျှောက် ထားခဲ့ပါတယ် ၂၀၀၆ ခုနှစ်မှာတော့ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ ၂ ယောက်ခွဲယူဖို့ အမိန့်ချထားတာကို ဦးအောင်ဆန်းဦးက အိမ်မကြီးကို ဒေါ်အောင်ဆန်းစုကြည်ကရပြီးသူက ပြိုပျက်နေတဲ့ အိမ်အသေးကိုသာရလို့ မကျေနပ်ဖြစ်ပြီး အိမ်ကိုလေလံ တင်ခွဲ ဖို့တရားရုံးအဆင့်ဆင့်မှာ ထပ်မံတရားစွဲ လျှောက်လဲခဲ့ပါတယ်။ ဒီလို တရားစွဲ လျှောက်ထားခဲ့တာကို တရားရုံး အဆင့်ဆင့်က လက်မခံ ပယ်ချခဲ့သလို အယူခံတင်တာကိုလည်း ၂ဝ၁၈ ခုနှစ်မှာ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး ၉ ဦးပါ စုံညီခုံရုံးကလည်း ပယ်ချခဲ့ပြီးဖြစ်ပါတယ်။


ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီမှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီလက်ထက်မှာ ဦးအောင်ဆန်းဦးရဲ့ အထူးလျှောက်လွှာကို ပြည်ထောင်စု တရားလွှတ်တော်က ပြန်လည်လက်ခံပြီး မူလ ဆုံးဖြတ်ချက်အမိန့်ကို ပြင်ဆင်ပြီးနောက် အခုလို လေလံဆွဲပြီး မောင်နှမ နှစ်ဦးကြားခွဲဝေယူဖို့ တရားရုံးက အမိန့်ချမှတ်ထားတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲက ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့် နဲ့ လျှော့ပေါ့ ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။ နေပြည်တော်အကျဉ်းထောင်မှာ အကျဉ်းချထားတဲ့သူ့ကို အကျဉ်းထောင်ကနေနေရာပြောင်းရွှေ့ချုပ်နှောင်ထားတယ်လို့ စစ်ကောင်စီက ဆိုထားပေမယ့် ဘယ်နေရာ မှာ ထားရှိထားသလဲကို မသိရပါဘူး။

၁.၉၂၃ ဧက အကျယ်အဝန်းရှိတဲ့ အိမ်နံပါတ် ၅၄နေအိမ်ဟာ ၁၉၄၇ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရလို့ကွယ်လွန်ပြီးနောက်မှာ ဇနီး ဖြစ်သူ ဒေါ်ခင်ကြည်နဲ့ မိသားစုနေထိုင်ဖို့ နိုင်ငံတော်အစိုးရက ချီးမြှင့်ခဲ့တဲ့အိမ် ဖြစ်ပါတယ်။ဒီအိမ်ကြီးဟာ နိုင်ငံရေးအရကော သမိုင်းမှတ်တိုင်တွေ အရကော တန်ဖိုးဖြတ်မရတဲ့အိမ်လို့ဆိုနိုင်ပါတယ်။

၁၉၈၈ အရေးအခင်းကာလအတွင်းမှာ နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်လာခဲ့တာမှာလည်း ဒီအိမ်ထဲမှာဘဲ အစပြုခဲ့တာပါ။ ၁၉၈၈ ဒီဇင်ဘာမှာ ဒေါ်ခင်ကြည် ကွယ်လွန်ပြီးနောက် စျာပန အခမ်းအနား ၊နောက်ပြီး‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ရှင်ပြုအခမ်းအနားကိုလည်း ဒီအိမ်မှာပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်း တည်ထောင်ချိန်မှာလည်း ဒီအိမ်မှာပဲ အစပျိုး လှုပ်ရှားခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ် မြောက်လာချိန် အမေရိကန်သမ္မတ Barak Obama ၊ နိုင်ငံခြားရေးဝန်ကြီး Hillary Clinton အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေကို လက်ခံ တွေ့ဆုံခဲ့တဲ့ သမိုင်းဝင် အိမ်တအိမ်ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG