သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဝန်ကြီးများ မိသားစုတွေ့ခွင့် ကန့်သတ်ခံရဆဲ


နိုဝင်ဘာ ၂၂၊ ၂၀၂၉ ခုနှစ် နေပြည်တော်မှာကျင်းပတဲ့ (UMFCCI) ညီလာခံတက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်။
နိုဝင်ဘာ ၂၂၊ ၂၀၂၉ ခုနှစ် နေပြည်တော်မှာကျင်းပတဲ့ (UMFCCI) ညီလာခံတက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်။

ဖမ်းဆီးအကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရလက်ထက် ဝန်ကြီးချုပ်ရာထူးယူထားသူတွေကို စစ်ကောင်စီက ထောင်ဝင်စာတွေ့ခွင့်မပေးသေးဘူးလို့ သူတို့နဲ့နီးစပ်သူတွေက ပြောပါတယ်။ ဒီလိုတွေ့ခွင့်မပေးတာက ထောင်စည်းမျဉ်းနဲ့ထောင်လက်စွဲ ဥပဒေပါပြဌာန်းချက်တွေကို ချိုးဖောက်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တွေကထောက်ပြနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့တာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ တတိယပတ်ကစလို့ နှစ်နှစ်ကျော် သုံးနှစ်နီးပါးပိတ်ပင်ထားတဲ့ ထောင်ဝင်စာလူတွေ့ခွင့်တွေကို စစ်ကောင်စီဘက်က ပြန်လည်ခွင့်ပြုခဲ့တာပါ။ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ ခုလို တွေ့ခွင့်ပြုပေးတာ ၂ လနီးပါးရှိတော့မှာ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရလက်ထက် ဝန်ကြီးချုပ်ရာထူးယူထားသူတွေ ခုချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့်ပေးဖို့ သူ့ရဲ့ရှေ့နေအဖွဲ့က နေပြည်တော် အကျဉ်းဦးစီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေကို စာနဲ့ တရားဝင်အကြိမ်ကြိမ်တောင်းဆိုထားပေမယ့် ခုချိန်ထိအကြောင်းပြန်တာ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်မိသားစုနဲ့ နီးစပ်သူတဦးကပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ဖမ်းဆီးထောင်ချတာမှာ ထောင်ဒဏ်နှစ်ရှည်အများဆုံးကျခံရတဲ့ ဝန်ကြီးချုပ်ကတော့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ပါ။ ဘားအံ့အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နန်းခင်ထွေးမြင့်ကိုတွေ့ခွင့်ရဖို့ မိသားစုဘက်က တင်ပြတောင်းခံပေမယ့် နှစ်ရှည် ထောင်ဒဏ်ကျခံနေရတာမို့ တွေ့ခွင့်မပေးဘူးလို့ သူ့မိသားစုနဲ့နီးစပ်သူတဦးက ဗွီအိုအေကို ခုလိုပြောပါတယ်။

"တွေ့ခွင့်ပေးတယ်လို့ သူတို့ကပြောပေမယ့် သူတို့ရဲ့ညွှန်ကြားချက်တွေက နှစ်ရှည်ကျတဲ့သူတွေကို တွေ့ခွင့်မပေးဘူး။ သေဒဏ်ကျတဲ့သူ၊ တသက်တကျွန်းကျတဲ့သူတွေကိုမပေးဘူး။ နောက် နှစ်၂၀ အထက် နှစ် ၃၀ အထက် တွေ့ခွင့်မပေးဘူး။ ထောင်ဝင်စာပဲ ပို့ခွင့်ရတယ်။ ထောင်ဝင်စာပို့တာတောင် သူ့ယောက်ကျား သန်းခေါင်စာရင်းမဝင်တဲ့အတွက် ဒေါ်နန်းခင်ထွေးမြင့် ညီမပဲ ထောင်ဝင်စာပို့ခွင့်ရတာ။ ကျန်းမာရေးတော့ကောင်းပါတယ်။"

နန်းခင်ထွေးမြင့်ကို စစ်ကောင်စီက နှစ်ရှည်ပြစ်ဒဏ်ချမှတ်နိုင်တဲ့ပုဒ်မတွေနဲ့တရားစွဲခဲ့ပြီး ထောင်ဒဏ် နှစ် ၈၀ အထိပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီလမှာတော့ လွတ်ငြိမ်ချမ်းသာခွင့်အရ ထောင်ဒဏ်ထက်ဝက် လျှော့ချပေးခဲ့ပါတယ်။

နောက်တဦးကတော့ မကွေးတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာအောင်မိုးညိုပါ။ သူ့ရှေ့နေနဲ့ မိသားစုကတွေ့ခွင့်ရဖို့ အကြိမ်ကြိမ်ကြိုးစားနေပေမယ့် ခုချိန်ထိမတွေ့ရသေးဘူးလို့ နီးစပ်သူတဦးကပြော ပါတယ်။

"ခုထိတော့တွေ့ခွင့်မရသေးဘူး။ အထက်တင်ထားတယ် ဘာ ညာပြောနေတယ်။ သူတို့အကြီးပိုင်းတွေက မတွေ့ရသေးဘူး။ သူတို့အကြီးပိုင်းတွေက နိုင်ငံရေးမှုတို့၊ လွှတ်တော်ကိုယ်စားလှယ်တို့၊ လွှတ်တော်ဥက္ကဋ္ဌတို့၊ အစိုးရဝန်ကြီးပိုင်းတွေ တွေ့ခွင့်မရသေးဘူးပေါ့နော်။ ရိုးရိုး ၅၀၅ နဲ့ကျတဲ့သူတွေလောက်ပဲ တွေ့ခွင့်ရတယ်။"

ဒေါက်တာအောင်မိုးညိုကို စစ်ကောင်စီဘက်က အမှုပေါင်း ၈ မှုနဲ့ ထောင်ဒဏ် နှစ် ၂၀ ကျော်ချမှတ်ထား တာပါ။

ဗွီအိုအေဘက်က စုံစမ်းချက်အရ NLD အစိုးရလက်ထက်မှာ ဝန်ကြီးချုပ်ရာထူးယူထားသူတွေအပြင် တိုင်းနဲ့ပြည်နယ်ဝန်ကြီးတွေပါ တွေ့ခွင့်မရသေးသလို NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းထိန်ကိုလည်း မိသားစုနဲ့တွေ့ဆုံခွင့် အခုချိန်ထိ မပေးသေးပါဘူး။ နောက်ပြီး အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ထောင်ဒဏ် ၁၀ နှစ်အထက် နှစ်ရှည်ထောင်ဒဏ်ကျခံနေရသူတွေကိုလည်း တွေ့ခွင့်ပေးဖို့ ကန့်သတ်ထားဆဲဖြစ်ပါတယ်။

ပြဌာန်းဥပဒေအရဖြစ်ဖြစ်၊ လူ့အခွင့်အရေးအရဖြစ်ဖြစ် အကျဉ်းကျခံရသူတိုင်း မိသားစုနဲ့တွေ့ဆုံခွင့် ပေးဖို့လိုအပ်ပြီး ဒီလိုမပေးတာက ဥပဒေပါအချက်အလက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပဲလို့ တရားလွှတ်တော်ရှေ့နေတဦးက ခုလိုသုံးသပ်ပါတယ်။

"၁၉၅၄ အကျဉ်းထောင်လက်စွဲဥပဒေအရ အဲလိုမျိုးထောင်ဝင်စာကို ကန့်သတ်ခွင့်မရှိဘူး။ ဒါကဥပဒေ အခွင့်အရေးဖြစ်တယ်။ သက်ဆိုင်ရာအကျဉ်းသားတွေရဲ့ ဥပဒေပါအခွင့်အရေးဖြစ်တယ်။ ပေးကိုပေးရမယ်။ မပေးလို့မရဘူး။ မပေးရင်ဥပဒေနဲ့မညီဘူးလို့ ဆရာတို့သုံးသပ်ပါတယ်။ တောင်ဝင်စာပစ္စည်းရယူခွင့်သည် အကျဉ်းသားတိုင်းရရမယ့်အခွင့်အရေးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မို့လို့ ပိတ်ပင်ကန့်သတ်မယ်လို့ လုပ်လို့မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်မို့မပေးရင် ဒါ့က ဥပဒေနဲ့မညီညွတ်ဘူးလို့ ပြောရမှာပါ။"

လတ်တလောမှာတော့ ရန်ကုန်အင်းစိန်ထောင်မှာ နှစ်ကြီးသမားနဲ့သေဒဏ်ကျခံရသူတွေကို ထောင်ဝင်စာလူတွေ့ခွင့်ပေးတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်တဲ့ရှေ့နေတဦးကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းလကတော့ သမ္မတဦးဝင်းမြင့်ကို သူ့မိသားစုနဲ့တွေ့ခွင့်ပေးတာ ရှိခဲ့ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဘက်ကို ဗွီအိုအေကဆက်သွယ်မေးမြန်းတာမှာတော့ နှစ်ရှည်ထောင်ဒဏ်ချခံရသူတွေ၊ သေဒဏ်ကျခံရသူတွေကို ထောင်ဝင်စာတွေခွင့်ကန့်သတ်တာ မရှိပေမယ့် တွေ့ခွင့်ပေးမပေးဆိုတာ သက်ဆိုင်ရာထောင်အာဏာပိုင်တွေရဲ့ဆုံးဖြတ်တာသာ အတည်ဖြစ်တယ်လို့ ဖြေကြားခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG