သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်သပိတ်အဖွဲ့တချို့ "လွှတ်" လှုပ်ရှားမှုတရပ်ပြုလုပ် 


ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေး "လွှတ်" လှုပ်ရှားမှု။ (ဓာတ်ပုံ-ဗွီအိုအေ/ဇွန် ၁၆၊ ၂၀၂၄)
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေး "လွှတ်" လှုပ်ရှားမှု။ (ဓာတ်ပုံ-ဗွီအိုအေ/ဇွန် ၁၆၊ ၂၀၂၄)

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်စေဖို့ "လွှတ်" ဆိုတဲ့ လှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာလည်း လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ သပိတ်ကော်မတီတွေက တိုက်တွန်းနေကြပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ဇွန်လ ၁၉ ရက်မှာ ကျရောက်မယ့် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လူထုလှုပ်ရှားမှုတွေကို မွေးနေ့မတိုင်ခင်ရက်ပိုင်းအလိုကတည်းက ပြုလုပ်နေကြပါတယ်။

ဇွန်လ ၁၆ ရက်နေ့လည်ပိုင်းမှာတော့ စစ်တပ်လုံခြုံရေး အမြင့်ဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း ဂမုန်းပွင့်ကုန်တိုက်ရှေ့က ဂုံးကျော်တံတားပေါ်မှာ "လွှတ်"ဆိုတဲ့ စာလုံးရေးထားတဲ့ ဘန်နာကို ရန်ကုန်အခြေစိုက် သပိတ်အဖွဲ့တဖွဲ့ဖြစ်တဲ့ ပစ်တိုင်းထောင်အဖွဲ့က ချိတ်ဆွဲခဲ့ပါတယ်။ အခက်အခဲတွေကြားထဲက "လွှတ်" ဆိုတဲ့ ကမ်ပိန်းလုပ်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ပစ်တိုင်းထောင်အဖွဲ့က ပြောခွင့်ရက အခုလိုပြောပါတယ်။

"ဂမုန်းပွင့်ကုန်တိုက်နားက ကမ္ဘာအေး ဂုံးတံတားပေါ့နော်။ ကမ္ဘာအေး ဂုံးတံတားမှာ ဘန်နာချိတ်ခဲ့တာပေါ့။ "လွှတ်" ဆိုပြီး တလုံးတည်း ချိတ်ခဲ့တာပေါ့။ ရည်ရွယ်ချက်တော့ အမေစုမွေးနေ့ပေါ့။ အမေစုမွေးနေ့ အထိမ်းအမှတ်လည်းပါတယ်။ နောက်ပြီး အမေစုမွေးနေ့အထိမ်းအမှတ်မှာပဲ နိုင်ငံရေး အကျဉ်းသားတွေပေါ့နော် အမေစုနဲ့အတူတူ တော်လှန်ရေးနဲ့အတူတူ နိုင်ငံရေး အကျဉ်းသားတွေပေါ့။ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်မြောက်စေလိုတဲ့ဆန္ဒနဲ့ "လွှတ်" ဆိုတဲ့ စာလုံးလေးကို ဘန်နာအနေနဲ့ ချိတ်ခဲ့တယ်ပေါ့နော်။ အန္တရာယ် အရမ်းများတယ်ပေါ့နော်။ အန္တရာယ်အရမ်းများပေမယ့် အကောင်းဆုံးဖြစ်ချင်တဲ့ လူငယ်တွေရဲ့ဆန္ဒအရ သူတို့ ဒီနေရာကိုရွေးချယ်ခဲ့တယ်။ အဲ့အတွက် အခက်အခဲကတော့ ပိုကြာသွားခဲ့တယ်။ ဘန်နာချိတ်ရတာ တကယ်တော့ မခက်ဘူးဆိုပေမယ့် ကြာသွားခဲ့တာပေါ့လေ။"

မွေးနေ့ရက်ဖြစ်တဲ့ ဇွန် ၁၉ မှာ အထိမ်းအမှတ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးဖို့ တောင်းဆိုပြီး ပန်းတမျိုးမျိုးကို လက်ဆောင်ပေးတာ၊ ဖြန့်ကြဲ ဓာတ်ပုံရိုက်တာ စတာတွေနဲ့ ဆန္ဒ ထုတ်ဖော်ကြဖို့ကိုလည်း သပိတ်အဖွဲ့တွေက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ဇွန် ၁၉ရနေ့ ည ၈ နာရီမှာလည်း ပြည်သူလူထုတွေဟာ လုံခြုံစိတ်ချရတဲ့မိမိတို့နေထိုင်တဲ့ နေရာတွေကနေ "လွှတ်" ဆိုတဲ့ စကားလုံးကို သံပြိုင်ရွတ်ဆိုဖို့ကိုလည်း နှိုးဆော်ထားတယ်လို့ ပစ်တိုင်းထောင်အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

"လာမယ့်မွေးနေ့မှာ ပြည်သူတွေအားလုံးဟာ အသံတခုအနေနဲ့ ပြည်သူတွေအားလုံးက အသံတခုပြုကြဖို့ Call ခေါ်ထားတာ ရှိတယ်။ သပိတ်အသီးသီးက Call ခေါ်ထားတာ ရှိတယ်။ ဖြစ်နိုင်မယ်ဆိုရင် ညီမတို့တွေက လွှတ် ဆိုတဲ့ တလုံးတည်းကို အော်ချင်တာပေါ့နော်။ ဒီတလုံးတည်းနဲ့ ရင်ထဲကို ရောက်စေချင်တာပေါ့။"

သပိတ်အဖွဲ့တွေဟာ စစ်တပ်နဲ့ သတင်းထောက်လှမ်းရေးတွေ လုံခြုံရေးတင်းကြပ်တဲ့ ရန်ကုန်မြို့မှာ ဖမ်းဆီးမှုတွေကြားကနေ ကမ်းပိန်းတွေ စစ်တပ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။ မနှစ်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာပဲ တတ်ကြွလှုပ်ရှားသူတွေက ပန်းသပိတ်ဆိုပြီး ဆန္ဒပြမှုလုပ်တာတွေရှိခဲ့ပြီး ပန်းကိုင်ဆောင်သူတွေကို စစ််ကောင်စီလုံခြုံရေးအဖွဲ့တွေက ဖမ်းဆီးတာတွေရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG