သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအပါအဝင် နှစ်နိုင်ငံကိစ္စရပ်များ အိန္ဒိယသမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး


အိန္ဒိယသမ္မတ Ram Nath Kovind နှင့် တွေ့ဆုံနေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
အိန္ဒိယသမ္မတ Ram Nath Kovind နှင့် တွေ့ဆုံနေသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့ မနက်ပိုင်းက အိန္ဒိယသမ္မတ Ram Nath Kovind နဲ့ နယူးဒေလီ သမ္မတအိမ်တော်မှာ တွေ့ဆုံပါတယ်။

တွေ့ဆုံပွဲမှာ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ တိုးတက်စေဖို့၊ လယ်ယာ စိုက်ပျိုးရေး၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး နဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့အပြင် ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက ပါဝင်ကူညီရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းနေတာ တွေကို ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယသမ္မတကို ရှင်းပြခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယသမ္မတကို အဆင်ပြေတဲ့အချိန် မြန်မာနိုင်ငံကို လာရောက်ဖို့လည်း ဖိတ်ကြား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံမှာ ရှိနေစဉ်အတွင်း ၆၉ ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံတော်နေ့ အခမ်းအနားကို တက်ရောက်ခဲ့သလို အိန္ဒိယနဲ့ အာဆီယံ ဆွေးနွေးဖက် ဆက်ဆံရေး ၂၅ ကြိမ်မြောက် အထိမ်းအမှတ် မျက်နှာစုံညီ အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။

အာဆီယံရဲ့ သတ္တမမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့ အိန္ဒိယကနေ မြန်မာကိုဖြတ်ပြီး ထိုင်းနိုင်ငံ အထိ သုံးနိုင်ငံ အဝေးပြေးလမ်းကို လာအို-ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေအထိ တိုးချဲ့ဖောက်လုပ်ရေး အစီအစဉ်ကို ကြိုဆိုကြောင်းနဲ့ ဒီသုံးနိုင်ငံ အဝေးပြေးလမ်းမ လမ်းကြောင်းပေါ်က မြန်မာနိုင်ငံတွင်း လမ်းမကြီး တွေအတွက် အိန္ဒိယနဲ့ ထိုင်းက အဆင့်မြှင့် ပြုပြင်ပေးတာအတွက် အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အာဆီယံ-အိန္ဒိယ ဆက်ဆံရေးနဲ့မဟာဗျူဟာကျတဲ့ မိတ်ဖက်ဆက်ဆံမှု တိုးတက်ရေး အတွက် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အိန္ဒိယနိုင်ငံကနေ စနေနေ့ညနေက နေပြည်တော်ကို ပြန်လည်ရောက်ရှိပါ တယ်။

XS
SM
MD
LG