သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ယှဉ်ပြိုင်မည်


သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်
သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်

လာမယ့် ၂၀၂၀ ပြည့် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ ဦးဝင်းမြင့်ရော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပါ ဝင်ရောက် အရွေးခံမှာ ဖြစ်ကြောင်း NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က စနေနေ့ ပါတီဗဟိုအလုပ်အမှုတောင်အဖွဲ့ အစည်းအဝေးအပြီးမှာ ပြောကြားလိုက်ပါတယ်။

အခုလို သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံကြမှာနဲ့ ပတ်သက်ပြီး ပြည်ပရောက် မြန်မာ့အရေး လေ့လာသူတွေရဲ့ အမြင်တချို့ကို မအင်ကြင်းနိုင်က ပြောပြပေးမှာပါ။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင် အရွေးခံမှာ ဖြစ်ကြောင်း နေပြည်တော် စည်ပင်ရိပ်သာမှာ ဇွန်လ ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ NLD ဗဟိုအလုပ်အမှုဆောင် CEC အစည်းအဝေး အပြီးမှာ ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က သတင်းထောက်တွေကို ပြောပါတယ်။

“အဲဒါတွေကတော့ သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိစ္စတွေဖြစ်တယ်။ သူတို့က သူတို့ဝင်ရောက်အရွေးခံမယ့် မဲဆန္ဒနယ်မြေတွေမှာတော့ မဲဆွယ်မှုတွေရှိနေမယ်။ တပြည်လုံးအနေနဲ့ မဲဆွယ်ဖို့ဆိုရင်တော့ ဒီအုပ်ချုပ်ရေးရဲ့ ထိပ်ပိုင်းတာဝန်တွေကိုတော့ သူတို့ စွန့်လွတ်မှာပဲ။”

အခုလို ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပြင် NLD ထိပ်ပိုင်း တာဝန်ရှိသူတွေ ပါဝင်အရွေးခံမယ်ဆိုတာကို အများက မျှော်လင့်ထားကြောင်းနဲ့ အခုလို စောစောစီးစီး ထုတ်ပြောလိုက်တာကြောင့် ကြိုတင်ပြင်ဆင်မှုအတွက် ပိုကောင်းကောင်းလုပ်နိုင်မှာ ဖြစ်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ငံရ လွှတ်တော်အမတ်တဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ NLD အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိသမ္မတကြီး ဦးဝင်းမြင့်ရော နောက်တခါ ပြည်နယ်နဲ့တိုင်းက ဝန်ကြီးချုပ်တွေရော တော်တော်များများ ထိပ်ပိုင်းက ပုဂ္ဂိုလ်တွေအားလုံးလောက် ဟာ ပြန်ပြီးတော့ အရွေးခံကြလိမ့်မယ်လို့ ကျနော်ကတော့ ယူဆပါတယ်။ ဒါကြောင့် သိပ်တော့မဆန်းဘူး။ သို့သော်လည်း ဒီလို တရားဝင်သဘောမျိုးထွက်ထားတော့ မဲပေးမယ့် ပြည်သူလူထုအတွက်လည်းကောင်းတယ်။ နောက်ပြီး ပြင်ဆင်ဖို့လုပ်ငန်းတွေလည်း အလွယ်တကူချောမွေ့မယ်လို့ ကျနော်ကတော့ အဲလိုမြင်ပါတယ်။”

တနိုင်ငံလုံး အတိုင်းအတာနဲ့ စည်းရုံးရေးဆင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရာထူးကနေ ခတ္တအနားယူပြီး စည်းရုံးရေးလုပ်နိုင်တယ်လို့ တွက်ဆသူကတော့ ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးပါ။

“အရင်အစိုးရလက်ထက် အဆက်ဆက်ပေါ့နော် အဲဒါတွေတုန်းကတော့ ဒီလိုလုပ်ခဲ့တာမရှိခဲ့ဖူးဘူး။ သူတို့က လက်ရှိတာဝန်မှာ တာဝန်ဆက်လက်ထမ်းဆောင်နေတဲ့အဖွဲ့ဝင်တွေကပဲ စည်းရုံးလှုံ့ဆော်ပြီး မဲပေးကြတာ။ အခုပြည်သူတွေရွေးချယ်တဲ့ အစိုးရ တက်လာတဲ့အခါကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပြည်လုံးအတိုင်းအတာနဲ့ မဲဆွယ်စည်းရုံးမှုလုပ်လာမယ်ဆိုရင် လက်ရှိတာဝန်ကနေ နုတ်ထွက်ပေးရမယ်လို့ ပြဌာန်းထားတဲ့အချက် ။ ပြဌာန်းထားတဲ့ ဥပဒေနဲ့အညီ ဒေါ်အောင်ဆန်းစုကြည်က တနိုင်ငံလုံးစည်းရုံးရေးအတွက်ကို ရာထူးကနေ ခေတ္တအနားယူပြီးတော့ ဦးဆောင်ပြီးတော့ စည်းရုံးရေးဆင်းနိုင်ဖို့ ဆောင်ရွက်မယ်လို့ ကျနော်ကတော့ ထင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အနေနဲ့ လက်ရှိ တည်ဆဲဥပဒေအရပဲ လိုက်နာ လုပ်ဆောင်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားတွေကို အများက သိပြီးဖြစ်တဲ့အတွက် တတိုင်းပြည်လုံးအတိုင်းအတာနဲ့ အရင်ရွေးကောက်ပွဲလို စည်းရုံးရေးဆင်းဖို့ မလိုဘူးလို့ မြင်ကြောင်း ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က တပြည်လုံး မိန့်ခွန်းပြောတယ်၊ လျောက်လည်သွားတဲ့ဟာကတော့ ထိရောက်ကောင်းမွန်တာပေါ့နော်။ ဒါပေမယ့်လို့ မြန်မာပြည်ထဲမှာတင်မဟုတ်ဘူး တခြားနေရာတွေ ၊ တခြားတိုင်းပြည်တခုသွားရင်တောင်မှ သူဘာပြောတယ် ဘာလုပ်တယ်ဆိုတာကို လူတွေက အမြဲတမ်း မျက်စိဒေါက်ထောက် ကြည့်နေတာပေါ့နော်။ သိပြီးသားတွေပါ။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရတာက ဒီလောက်ကြီးတော့ ခက်တယ်လို့ ကျနော်မထင်ဘူး။ အဲဒီအတွက်လည်း သူမလာနိုင်လို့လည်း မဲပိုလျော့သွားမလားဆိုတာကတော့ အဲလောက်ထိတော့ ကျနော်မထင်ပါဘူးခင်ဗျ။”

ဒါအပြင် NLD ဟာ အတိုက်အခံ ပါတီတွေအားလုံးထက် မဲအသာစီးရဖို့ ရှိနေပြီး ၂၀၁၅ ရွေးကောက်ပွဲရလဒ်နဲ့ သိပ်ကွာမယ်မထင်ဘူးလို့ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။

“NLD ကိုယှဉ်နိုင်မယ့်ပါတီကို ကြည့်လိုက်ရင် ကြံခိုင်ဖွံ့ဖြိုးရေးကလည်း ကျနော်ထင်တယ် ပြည်သူလူထု ထောက်ခံမှုက ပိုရပါ့မလားလို့ ကျနော်သံသရရှိတယ်။ တခြားပါတီတွေကလည်း လောက်လောက်လားလားရှိကိုမရှိဘူး ကျနော့်အမြင်ကတော့ သူတို့ဟာ တိုင်းပြည်ပိုကောင်းလာနိုင်အောင် လုပ်နိုင်မယ့် စွမ်းရည်ပြသနိုင်စွမ်းရှိကြပါမလားလို့ လူတွေကလည်း ကြည့်နေတယ်ခင်ဗျ။ တချို့နေရာလောက်သာလျင် အသစ်တွေက မဲ နေရာရကောင်းရမယ်။ ခြုံလိုက်ရင် NLD ဟာ ၂၀၁၅ ထက်ပိုပြီးတော့ မတက် လောက်ဘူးလားလို့ ကျနော်ထင်တယ်။”

၂၀၁၅ တုန်းက ဦးဝင်းမြင့်က တာမွေမဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ကော့မှုးမဲဆန္ဒနယ်ကနေ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဘယ်မဲဆန္ဒနယ်မြေကနေ ပါဝင်ယှဉ်ပြိုင်မယ် ဆိုတာ မသိရသေးပါဘူး။

ပြည်သူလူထုနဲ့ ဆက်ဆံရာမှာ မောက်မာသူတွေ၊ စည်းကမ်းထိမ်းသိမ်းရေးအရ အရေးယူခံထားရသူတွေကို ပါတီကိုယ်စားလှယ်အဖြစ်နဲ့ ရွေးချယ်မှာ မဟုတ်ကြောင်း NLD ပြောခွင့် ရ ဒေါက်တာမျိုးညွန့် ကသတင်းထောက်တွေ ပြောပါတယ်။ လက်ရှိမှာ ကိုယ်စားလှယ် ၄၅ ဦးလောက်ကို ပါတီကနေ အရေးယူထားပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦးရှိပြီး NLD က လွှတ်တော်ကိုယ်စားလှယ် ၅၉%၊ အခြား တိုင်းရင်းသား ပါတီအသီးသီးက ကိုယ်စားလှယ် ပေါင်း ၁၁%၊ ကြံခိုင်ရေးပါတီက ၅ %နဲ့ တပ်မတော်က ၂၅ % အသီးသီးရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG