သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်ပညာရေး အရေးတကြီး ဦးစားပေးဖို့ ဒေါ်စုနှိုးဆော်


ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်သို့ ထွက်ခွာစဉ်။
ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ်သို့ ထွက်ခွာစဉ်။
မြန်မာနိုင်ငံမှာ လမ်းပန်းဆက်သွယ်မှု အခက်ခဲဆုံးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ပြည်နယ်တခုဖြစ်တဲ့ ချင်းပြည်နယ်အတွင်းမှာ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုကို အဓိကထား ဦးစားပေး လုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်ဖို့ ရည်ရွယ်ချက်နဲ့ ရောက်ရှိနေတဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်း အဲ့ဒီလို ပြောဆိုလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး မဆုမွန်က တင်ပြထားပါတယ်။

ပညာရေး ဖွံ့ဖြိုးတိုးတက်မှုနည်းတဲ့ ချင်းပြည်နယ်တွင်း စာသင်ကျောင်းတွေ ပိုမို ဖွင့်လှစ်ပြီး ပညာရေးမြင့်မားအောင် ဆောင်ရွက်ဖို့နဲ့ ပညာရေးကွန်ယက်တွေ ပြုလုပ်ဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ ကလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဘမင်းကပြောပါတယ်။

“ချင်းတောင်ကတော့ ပညာရေးကလည်း အနိမ့်ဆုံး၊ စီးပွားရေးကလည်း အနိမ့်ဆုံးလို့ ပြောရမှာပဲပေါ့နော်။ ပြည်နယ်အားလုံးထဲမှာ သူက အနိမ့်ဆုံးပြည်နယ်ပေါ့ဗျာနော်။ ဘာလို့လဲဆိုတော့ တောင်တတောင်မှာ ကျောင်း တကျောင်းလည်း မထားနိုင်၊ ရွာတရွာမှာ ကျောင်းတကျောင်းလည်းမထားနိုင် အဲ့ဒီလို အခြေအနေမျိုး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပညာရေးပွင့်ရေးအနေနဲ့ ကျောင်းတကျောင်း အရှင်ဆန္ဒာဒိကနဲ့ ပတ်သက်ပြီး ကျောင်းတကျောင်း လှူပေးတယ်ပေါ့နော်။ အဲဒီလိုပဲ နောက်မှာလည်းပဲ တိုးတက်မှု၊ ဖွံ့ဖြိုးမှု အနည်းဆုံး နေရာတွေကို အဓိကအားဖြင့်ကတော့ ပညာရေးပွင့်ရေးကို အဓိက ဦစားပေးပြီး သူဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့ ကျနော်မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ် ဒုတိယမြောက်နေ့မှာတော့ ကလေးမြို့ကနေ တီးတိန်မြို့ကို ခရီးဆက်ပြီး မနက်ပိုင်းမှာ တီးတိန်မြို့နယ် ဂျွန်လွန်ဇွန်းရွာကို သွားရောက်ပြီး ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဒိကနဲ့အတူ စာသင်ကျောင်းဖွင့်လှစ်ခဲ့ပါတယ်။

အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ ချင်းပြည်နယ်အတွင်း ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးခဲ့တယ်လို့ ဦးဘမင်းက ဆက်ပြောပါတယ်။

“ပြည်နယ်အတွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ ဆိုတာလည်း သိပ်ကြီးကြီးမားမား မရှိတဲ့အခါကျတော့ ချင်းပြည်နယ် စီးပွားရေးက မလေးရှားတို့၊ အင်ဒိုနီးရှားတို့၊ စင်္ကာပူတို့ ထွက်လုပ်ရတဲ့ စီးပွားရေးမျိုးလောက်ပဲ ရှိနေတာ၊ ဖြစ်နေတာကိုးဗျ။ အဲဒီတော့ အဲဒီအခြေအနေကနေပြီးတော့ ကင်းလွတ်အောင်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က စကားတခွန်းပြောပါတယ်ဗျာ။ အထူးသဖြင့် ဆင်းရဲတဲ့ ပြည်နယ်တွေရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတွေကို အထူးသဖြင့် ပါတီဝင်များက စာရင်းပြုစုပြီး တင်ရမယ်တဲ့။ ဒီကိစ္စကို အထူးဦးစားပေးပြီး လုပ်ဆောင်ရမယ်လို့ သူပြောပါတယ်ခင်ဗျ။”

တီးတိန်မြို့ကိုရောက်ရှိလာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချင်းတိုင်းရင်းသားတွေနဲ့ မျိုးနွယ်စုများက တိုင်းရင်းရိုးရာ ဝတ်စုံပြည့်တွေနဲ့ ကြိုဆိုခဲ့ကြတယ်လို့ တမူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်ဇော် က ပြောပါတယ်။

“ကလေးကနေ တိုက်ရိုက်ပေါ့နော် တီးတိန်ကို သွားတယ်ခင်ဗျ။ တီးတိန်မြို့နယ်ထဲက ဂျွန်လွန်းဆန် ရွာလေးမှာ အရှင်ဆန္ဒာဒိကနဲ့ ကျောင်းဖွင့်ပွဲလုပ်တယ်ခင်ဗျ၊ သိန်း ၅၀၀ လှူဒါန်းထားတာလေ။ အဲဒီမှာ အမေစုနဲ့သွားပြီးတော့ မနက် ၇ နာရီမှာ သွားဖွင့်တယ်၊ ဖွင့်ပဲလုပ်တယ်။ တီးတိန်မှာ ညနေ ၄ နာရီမှာ လူထုဟောပြောပွဲ လုပ်မယ်တဲ့။ နာဂတောင်တန်းကလည်းလာတယ်။ ချင်းလူမျိုးကလည်း အများကြီးရှိတာလေ။ တီးတိန်၊ ဟားခါး၊ ဖလမ်း၊ လူရှိုင်း ဆိုတာ အမျိုးစုံလာတယ်။ သူတို့ရိုးရာဝတ်စုံတွေနဲ့လေ။ ပန်းစည်းတွေ ပေးကြတယ်။ ချင်းတိုင်းရင်းသားတွေက ဝတ်စုံအပြည့်နဲ့ကို လာကြိုတယ်၊ အများကြီးပဲ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်အတွင်းမှာ ပြည်ထောင်စု စိတ်ဓာတ်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အဓိကဖော်ဆောင်နေတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တိုင်းရင်းသားတွေဘက်ကလည်း ကြိုဆိုခဲ့ကြတယ်လို့ ကလေးခရိုင်ဥက္ကဋ္ဌ ဦးဘမင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် သူလိုချင်တာက တိုင်းရင်းသားအားလုံးဟာ ဒီပြည်ထောင်စုစနစ်ကို ပျော်ဝင်ဖို့၊ ပြည်ထောင်စုစနစ်ထဲမှာ တကယ် စနစ်တကျ ပါဝင်နိုင်ဖို့ပေါ့နော် ကျနော်တို့ အသိပညာ မြှင့်တင်ပေးဖို့၊ ပြည်ထောင်စုစနစ်ကို တကယ် စစ်မှန်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးရဖို့ ဒီရည်ရွယ်ချက်နဲ့ လာတယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

ချင်းပြည်နယ် ခရီးစဉ်အတွင်း ကလေး၊ တီးတိန်၊ ဟားခါး စတဲ့မြို့တွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ချင်းပြည်သူလူထုနဲ့ တွေ့ဆုံပွဲတွေ ကျင်းပပြီး ဆွေးနွေးနေသလို၊ ချင်းပြည်နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပတ်သက်ပြီး ချင်းလူထုကို လိုက်လံ တွေ့ဆုံရှင်းလင်းထားတယ်လို့ တမူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်ဇော် က ပြောပါတယ်။

“သူတို့က ၂၀၀၈ အခြေခံဥပဒေဆိုတာ ကျနော်တို့ ဘာမှမသိကြဘူးလေ။ ပြည်သူတွေလည်း မသိဘူး။ ရှင်းပြလိုက်တော့ သူတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တော်တော်လေး နားလည်လာတာပေါ့နော်။ နားလည်တာကတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဘယ်အတွက် ရေးဆွဲထားတယ် ဆိုတာတွေ ဘာတွေ နားလည်လာတာပေါ့။ အမေစုက ပိုရှင်းပြလိုက်တော့ ပိုပြီးတော့ ပြည့်စုံသွားတာပေါ့ဗျာ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီလ ၇ ရက်နေ့မှာ တီးတိန်မြို့နယ်၊ ဇန်နဝါရီလ ၈ရက်နေ့မှာ ဖလမ်းမြို့နယ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ ဟားခါးမြို့နယ်တွေမှာ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လူထုဟောပြောပွဲတွေ ကျင်းပမှာဖြစ်ပြီး ကလေးမြို့နယ်ကို ၉ ရက်နေ့မှာ ပြန်လည်ရောက်ရှိပြီး ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကလေးမြို့နယ်မှာလည်း လူထုတွေ့ဆုံပွဲ ကျင်းပမှာဖြစ်ပြီး ၁၀ ရက်နေ့မှာပဲ ချင်းပြည်နယ်ခရီးစဉ် အဆုံးသတ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG