သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမှု ၆ မှုအတွက် အပြစ်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံတင်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

နေပြည်တော် အကျဥ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေထဲက အမှု ၆ မှုနဲ့ ပတ်သတ်လို့ ကျူးလွန်ခဲ့ခြင်း မရှိတဲ့အတွက် အပြစ်မရှိကြောင်း အထူးအယူခံ လျှောက်လဲချက်ကို ဒီကနေ့ ရှေ့နေတွေက တင်သွင်းခဲ့ ကြပါတယ်။ နိုင်ငံတော် အထူးတရားရုံးမှာ တင်သွင်းခဲ့တဲ့ ဒီလျှောက်လဲချက်ကို မကြာခင် ရက်ပိုင်းအတွင်း အမိန့် ချမှတ်ဖို့ရှိတဲ့အကြောင်း တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒီကနေ့ တင်သွင်းတဲ့ အမှု ၆ မှုကတော့ အဂတိအမှုတွေဖြစ်ပါတယ်။ နေပြည်တော်နဲ့ ရန်ကုန်မှာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းအတွက် မြေနေရာ ဝယ်ယူမှု၊ အဆောက်အဦး ဆောက်လုပ်မှုတွေမှာ အဂတိလိုက်စားမှုနဲ့ စစ်ကောင်စီက စွပ်စွဲပြီး အမိန့်ချမှတ်ထားတဲ့ အဂတိအမှု ၄ မှုနဲ့ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် ဆီကနေ ဒေါ်လာနဲ့ ငွေကြေး လာဘ်ယူတာတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲ အမိန့်ချမှတ်ထားတဲ့ အဂတိအမှု ၂ မှု စုစုပေါင်း ၆ မှုအတွက် ချမှတ်ထားတဲ့အမိန့်တွေကို ပြင်ဆင်ပေးဖို့ လျှောက်လဲချက် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) ၁ မှု၊ သဘာဝဘေး စီမံခန့်ခွဲမှု ၂ မှုနဲ့ စကားပြောစက် လက်ဝယ်ထားရှိလို့ ဆက်သွယ်ရေးနဲ့ ပို့ကုန်သွင်းကုန် အမှု ၂ ခု၊ စုစုပေါင်း ၅ မှုအတွက် ကျူးလွန်ခဲ့ခြင်း မရှိလို့ အပြစ်မရှိကြောင်း အထူးအယူခံကို နိုင်ငံတော် အထူး တရားရုံးဘက်က ပယ်ချခဲ့တာ ရှိခဲ့ပြီး ဒီကနေ့ အမှုတွေ အတွက်ကတော့ လာမယ့် စက်တင်ဘာ တတိယပတ်အတွင်းမှာမှ အမိန့် ချမှတ်နိုင်ဖွယ်ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆို အမိန့်ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေ အကုန်လုံးဟာ အပြစ်မရှိဘဲ အမိန့်ချခံထားရတာ ဖြစ်လို့ အပြစ်မရှိကြောင်း ပေါ်လွင်တဲ့အထိ အယူခံ အဆင်ဆင့် ဆက်တက်သွားဖို့ ပြင်နေတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဥပဒေကြောင်းအရ ချမှတ်ထားတဲ့ ပြစ်ဒဏ် မကျူးလွန်ဘူး ဆိုတာကို ချမှတ်ခံရသူ ဘက်က တရားရုံး အဆင့်ဆင့် အယူခံ တက်ပိုင်ခွင့် ရှိနေပြီး လက်ရှိမှာတော့ အမှုတွေ အကုန်လုံးကို အယူခံတက်ထားတာ ဖြစ်ပါတယ်။

မြို့နယ်တရားရုံးကနေ ခရိုင်၊ ပြီးရင် တိုင်း၊ ဗဟိုတရားလွှတ်တော်ချုပ်၊ နိုင်ငံတော် အထူးတရားရုံး အဲ့ကနေမှ တရားရေးဥပဒေအရ နောက်ဆုံး တရားသူကြီးချုပ်ဆီ အဆင့်ဆင့် အယူခံတတ်နိုင်ကြောင်း ဖော်ပြထားတာပါ။ ဒီရက်ပိုင်းအတွင်း နေပြည်တော် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ချို့တဲ့နေတဲ့ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ထောင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် မူးဝေပြီး ပျို့အန်ခဲ့တဲ့အတွက် အကျဉ်းဦးစီး ဆေးမှူးချုပ်က သွားရောက် ကြည့်ရှုခဲ့ရသလို ဒေါ်အောင်ဆန်းစုကြည် သွားဖုံးယောင်ပြီး၊ သွားနာနေတဲ့ ဝေဒနာကြောင့် အစားမစားနိုင်တဲ့အထိ ဖြစ်ခဲ့တဲ့အကြောင်း နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ ဒီအခြေအနေမှာ ပြင်ပသွားဆရာဝန်နဲ့ ပြဖို့ ခွင့်တောင်း ထားတာကို စစ်ကောင်စီက ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ပြစ်ဒဏ် ၃၃ နှစ် ချမှတ်ထားတာ ဖြစ်ပြီး ဒီအထဲကမှ ၆ နှစ်ကို သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ ပေးလိုက်ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှု အတွက် ထောင်ဒဏ်က ၂၇ နှစ် ကျခံရဦးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG