သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြစ်ဒဏ်လျှော့ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုတွေအတွက် အယူခံ အထူးတရားရုံးပယ်ချ


ယခင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၁၃၊ ၂၀၁၈)
ယခင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ (စက်တင်ဘာ ၁၃၊ ၂၀၁၈)

ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက သြဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီက ပြစ်ဒဏ် ၆ နှစ်လျှော့ပေါ့ပေးခဲ့တဲ့အမှု ၅ မှုနဲ့ ပတ်သက်ပြီး အထူးအယူခံကြားနာဖို့ လျှောက်ထားချက်ကို နိုင်ငံတော်အထူးတရားရုံးက ပယ်ချလိုက်တယ်လို့ အမည်မဖေါ်တဲ့ တရားရေးအရာရှိတဦးရဲ့ ကြာသပတေးနေ့ ပြောကြားချက်ကို AP သတင်းမှာ ဖေါ်ပြထားပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)၊ သဘာဝဘေးစီမံခန့်ခွဲမှု ၂ မှုနဲ့ စကားပြောစက် လက်ဝယ်ထားရှိတဲ့ ဆက်သွယ်ရေးနဲ့ ပို့ကုန်သွင်းကုန်အမှု ၂ ခု စုစုပေါင်း ၅ မှုအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးထားပေမယ့် ဒေါ်အောင်ဆန်းစုကြည် အပြစ်ကျူးလွန်မှုမရှိကြောင်း ပြသတဲ့အနေနဲ့ သူမရဲ့ရှေ့နေတွေက ကြားနာခွင့်လျှောက်ထားခဲ့တာလို့လည်း ပြောပါတယ်။

အထူးတရားရုံးက ကြားနာမှုအတွက် အင်္ဂါနေ့မှာ ပယ်ချခဲ့ပြီး ဒီအမှုတွေဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်စုအပေါ် အစောဆုံးတရားစွဲဆိုထားတဲ့ အမှုတွေ ဖြစ်ပါတယ်။ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ၁၉ မှုအတွက် ချမှတ်ထားတဲ့ ပြစ်ဒဏ် ၃၃ နှစ်ထဲက ၆ နှစ် လျှော့ပေါ့ပေးလိုက်ပေမယ့် ကျန် ၁၄ မှု အတွက် ကျခံဖို့ ကျန်နေသေးတဲ့ ထောင်ဒဏ်က ၂၇ နှစ် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရှေ့နေတွေက နေပြည်တော် အကျဉ်းထောင် အရာရှိတွေကနေတဆင့် တနင်္လာနေ့မှာ အစားtသောက်နဲ့ ပစ္စည်းတချို့ ပေးပို့ခွင့်ရခဲ့တယ်လို့လည်း တရားရေးအရာရှိက ပြောပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ နောက်ထပ် ၆ မှု အတွက် အထူးလျှောက်လဲချက် တွေကို လက်ခံသင့်မသင့် စက်တင်ဘာလ ၅ ရက်နေ့မှာ တရားရုံးက ကြားနာမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဟာ သူနဲ့တွေ့ဆုံခွင့်မရတာအပါအဝင် အတားအဆီးအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တွေ့ဆုံခွင့်ရပြီးနောက်မှာ ၅ ကြိမ်တိုင်တိုင် တွေ့ဆုံခွင့်တောင်းခံခဲ့ပေမယ့် အခုထိတွေ့ခွင့်မရသေးတဲ့အပြင် အကြောင်းတစုံတရာမပြန်သေးဘူးလို့လည်း တရားရေး အရာရှိက ကြာသပတေးနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG