သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို နေအိမ်အကျယ်ချုပ်ပြောင်းဖို့အစီအစဉ်ရှိ


ဒေါ်အောင်ဆန်းစုကြည်(ယခင်မှတ်တမ်းရုပ်ပုံ)
ဒေါ်အောင်ဆန်းစုကြည်(ယခင်မှတ်တမ်းရုပ်ပုံ)

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ပြောင်းဖို့ အစီအစဉ် ရှိတယ်လို့ လုံခြုံရေးတာဝန်ရှိသူတဦးကို ကိုးကားပြီး အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်တွင်းကနေ နေအိမ်ပြောင်းလိုက်ပြီလို့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန်ဖြစ်နေတာပါ။ စစ်ကောင်စီကတည်တဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးဖွင့်ပွဲအထိမ်းအမှတ်အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ နေအိမ်အကျယ်ချုပ်ပြောင်းဖို့ ကြေညာဖို့ရှိတယ်ဆိုပြီး နေပြည်တော်မှာရှိတဲ့ တာဝန်ရှိသူတဦးက အေပီသတင်းဌာနကို ပြောဆိုတယ်လို့ရေးပါတယ်။ ဒါပေမယ့် ဘယ်နေရာကို ရွေ့မလဲဆိုတာတော့ အမည်မဖော်လိုတဲ့ အဲဒီအရာရှိက သူအတိအကျမသိဘူးလို့ ပြောပါ တယ်။ အဲဒီ ဗုဒ္ဓရုပ်ပွားတော်ဖွင့်ပွဲအခမ်းအနားက လာမယ့်အပတ် အင်္ဂါနေ့လုပ်ဖို့ စီစဉ်ထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က ဒုတိယဝန်ကြီးတွေနေထိုင်တဲ့အိမ်တခုကို ပြောင်းရွေ့လိုက်ပြီ ဆိုတဲ့ သတင်းတွေအပေါ်မှာတော့ သူ အတည်မပြုနိုင်ဘူးလို့ အဲဒီ အရာရှိက အေပီသတင်းဌာနကို ပြောပါ တယ်။ စစ်တပ်ကအာဏာသိမ်းပြီးပြီးချင်းကတည်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ကို နေအိမ်အကျယ်ချုပ်ချခဲ့တာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် သူနေတဲ့အိမ်မှာပဲ မူလက နေအိမ်အကျယ်ချုပ်ချထားရာကနေ နောက်ပိုင်း စစ်တပ်ဝန်းလို့ ယူဆရတဲ့အိမ်တလုံးဆီ ရွှေ့ခဲ့ပါတယ်။

အဲဒီနောက် ၂၀၂၂ ခုနှစ်၊ဇွန်လမှာသူ့ကိုနေပြည်တော်အကျဉ်းထောင်ကို ပို့ခဲ့တာပါ။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ နောက်၊ အစိုးရနောက်သက်တမ်းအတွက် လွှတ်တော်ခေါ်ယူမယ့်အချိန်မှာ စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်အားလုံးနီးပါးကို ဖမ်းဆီးထောင်ချခဲ့တာပါ။
စွဲချက်အတော်များများနဲ့ထောင်ဒဏ် ၃၃နှစ်ချခံထားရတဲ့ အသက် ၇၈နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ကို အခုလဆန်းပိုင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး သီးခြားတွေ့ဆုံခွင့်ရခဲ့ပြီး သူတို့ ဘာတွေပြောဆိုဆွေးနွေး လဲဆိုတဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။ ဒါပေမယ့် နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ဖက်က ညှိုနှိုင်းစကားပြောဖို့ ဝန်မလေးဘူးဆိုတာကိုတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ နှစ်နှစ်ကျော်လာပြီဖြစ်ပေမယ့် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ ကြီးမားလာတဲ့အပြင် နိုင်ငံနေရာအနှံ့အပြားမှာ စစ်ရေးပဋိပက္ခတွေ ပိုပြီး ကျယ်ပြန့် လာနေပါတယ်။ တချိန်တည်းမှာ အာဏာသိမ်းစစ်ကောင်စီဟာ ဒေသတွင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာရဲ့ဖိအားတွေကိုလည်း ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတာပါ။ စစ်ကောင်စီအနေနဲ့ ဒီလို ပြည်တွင်းပြည်ပအကျပ်အတည်းတွေကို ကျော်လွန်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တစုံတရာအသုံးပြုပြီး ထွက်ပေါက်ရှာလာစရာရှိတယ်လို့ သဘောထား ပြင်းထန်တဲ့အတိုက်အခံလှုပ်ရှားသူတွေက ယူဆကြပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG