သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်တွင်း ပြည်ပဖိအားနှစ်ရပ် ဘယ်လို ရင်ဆိုင်မလဲ


စင်ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးနဲ့ ဆက်စပ်နိုင်ငံများ ထိပ်သီး အစည်းအဝေးတွေ အတွင်း မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အတော်လေး ဖိအားပေးခံနေရသဘော ရှိနေပါတယ်။ တချိန်တည်းမှာပဲ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ပြည်တွင်းမှာလည်း ဖိအားတွေ ရင်ဆိုင်နေရတာမို့၊ နှစ်ဖက် ဘေးကြပ်နံကြပ်အနေအထားမျိုးတော့ ကြုံနေတယ်လို့ သုံးသပ်သူတွေက ရှုမြင်ပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာတွေကို ပြောပြပါလိမ့်မယ်။

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းပဋိပက္ခနဲ့ ဆက်စပ်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးကိစ္စအပေါ်မှာ နိုင်ငံတကာက စိုးရိမ်မှုတွေ ရှိနေတဲ့အလျှောက်၊ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်မှုကို အာဆီယံထိပ်သီးအစည်းအဝေးရလဒ် ထုတ်ပြန်ချက်မူကြမ်းမှာ ဖော်ပြခဲ့သလို အစည်းအဝေးအပြင်ပန်းမှာလည်း နိုင်ငံတကာခေါင်းဆောင်အချို့က ဒီအကြောင်း ပြောဆိုနေတာတွေ ရှိပါတယ်။ အမေရိကန် သမ္မတ Mike Pence နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံစဉ်မှာလည်း ရိုဟင်ဂျာ အရေးကိစ္စနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာ စိုးရိမ်ချက်တွေကို ကန် ဒုသမ္မတက ပြောခဲ့ ပါသေးတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်ဖက်ကတော့ ဒီ ဝေဖန်ချက်တွေ ကို လက်ခံ လိုက်လျောလိုတဲ့ ပုံမရှိဘူးလို့ မြန်မာသတင်းမီဒီယာကောင်စီ တွဲဖက်အတွင်းရေးမှူး ကိုသာလွန်ဇောင်းထက် ပြောပါတယ်။

"ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က ဘယ်သူဘာပြောပြော သူလက်ခံထားတဲ့ အယူအဆ မှန်တယ်လို့ ထင်တဲ့အယူအဆ ၊ သူကျင့်သုံးနေတဲ့ အယူအဆရှိရင် ဘယ်သူပြောတာကိုမှ လက်မခံဘူးဆိုတဲ့ အဓိပါ္ပယ်ပေါ့နော် အဲလိုမျိုး တုံ့ပြန်တာမျိုးတွေ့ရတယ်။ ကိုယ့်အကြောင်းကိုယ်ပိုသိတယ်ဆိုပြီးတော့ ပြောတာကို ၊ ကိုယ့်နိုင်ငံအကြောင်းကို ကိုယ်ပိုသိတယ်လို့ပြောတဲ့အတွက်ကြောင့် မင်းတို့ဘာပြောပြောလက်မခံဘူးဆိုတာတွေတွေ့ရတယ်။ အဲဒါမျိုးကတော့ သေချာပေါက်မြင်နေရတဲ့အနေအထားပေါ့နော်။"

ကန် ဒုသမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့နှစ်ဦး သီးသန့်တွေ့ဆုံတာဟာ မြန်မာဖက်က ကမ်းလှမ်းချက်ကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတကာ စိုးရိမ်ချက်တွေအပေါ်မှာ မျက်နှာစုံညီရှင်းလင်းဖို့ မဖြစ်မနေလိုအပ်တာကြောင့် အခုလို ကန်ဒု သမ္မတနဲ့ မြန်မာခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံမှုဟာ ကောင်းမွန်တဲ့ခြေလှမ်းဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းက ယူဆပါတယ်။ နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေအပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဖက်က အလေးထားတယ်ဆိုတာကို အခုလို တွေ့ဆုံမှုတွေက ပေါ်လွင်တယ်လို့သူက ပြောပါတယ်။ ရခိုင်အရေးကိုင်တွယ်မှုမှာ ပြည်တွင်းဖိအားတွေကို ဂရုစိုက်ဖို့လိုသလို နိုင်ငံတကာရဲ့ ယုံကြည်မှုကိုလည်း ရဖို့ အရေးကြီးတယ်လို့ ဒေါက်တာ ရန်မျိုးသိန်းက ဗွီအိုအေကို ပြောပါတယ်။

" ပြည်တွင်းအကျပ်အတည်းနဲ့ နိုင်ငံတကာစိန်ခေါ်မှုတွေကြားထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရှည့်လည်း 'လျှောက်' သာ..ပျားလည်း 'စွဲ' သာ သဘောနဲ့ တုံ့ပြန်ခဲ့တယ်လို့ ကျနေ်ာကတော့ အဲလိုသုံးသပ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ယုံကြည်မှုနဲ့ ထောက်ခံမှုကို ရအောင် လိုအပ်တဲ့ခြေလှမ်းတချို့ကို လှမ်းပြဖို့ လိုအပ်ပါတယ်။ အဲဒီမှာ ကျနော့်အမြင်ကတော့ မြန်မာအစိုးရကနေဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကနေ ဆောင်ရွက်ချက်တွေဟာ ပွင်းလင်းမြင်သာမှုရှိဖို့ လိုပါတယ်။ နောက်ပြီးတော့ နိုင်ငံတရားဥပဒေနဲ့အညီ ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်မှုတွေရှိမယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့်ထိထိရောက်ရောက် အရေးယူဆောင်ရွက်တာမျိုးတွေ လုပ်ဖို့လိုပါတယ်။"

သတင်းသမား ကိုသာလွန်ဇောင်းထက်ကတော့ လူ့အခွင့်အရေး အထူးသဖြင့် ရခိုင်အရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဖက်မှာ ခိုင်မာတဲ့ မူဝါဒမရှိတာဟာ နှစ်ဖက် ဖိအားတွေကို ရင်ဆိုင်ရာမှာ ပိုပြီးတော့ ခက်ခဲစေတယ်လို့ ယူဆပါတယ်။

" မဘသတွေဘက်က၊ စစ်တပ်ဘက်ကလည်း နိုင်ငံတကာနဲ့ အကြောင်းပြပြီး အကြပ်ကိုင်တယ်လို့ ထင်ကြတယ်။ နိုင်ငံတကာကလည်း စစ်တပ်ဘက်ကို ကာကွယ်တယ်လို့ ထင်ရတယ်။ အဲဒီတော့ ခိုင်မာတဲ့ မူဝါဒ Principle ပျောက်နေတယ်လို့ ယူဆပါတယ်။ သူ့ကို ဒီမိုကရေစီ icon အဖြစ်သိထားတဲ့နိုင်ငံတကာအတွက်ကတော့ ဒီမိုကရေစီ သူရဲကောင်းတယောက်အနေနဲ့ ဒီလိုလူ့အခွင့်အရေးကို တန်ဖိုးထားလိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြတာလေ။ ဒါပေမယ့် အခုအဲလိုဖြစ်မလာဘူးဆိုတော့ Principle ပျောက်တဲ့သဘောမျိုး၊ မူဝါဒနဲ့ စီမံခန့်ခွဲမှု ပြဿနာ တက်တဲ့သဘောမျိုးလို့မြင်ပါတယ်။"

အခုလို အာဆီယံမျက်နှာစာမှာ ဖိအားပေးတာတွေ ရင်ဆိုင်ရချိန်မှာပဲ မနက်ဖြန် နိုဝင်ဘာလ ၁၅ရက်နေ့မှာတော့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးအစီအစဉ် စတင်မှာပါ။ ဒါပေမယ့် ဒုက္ခသည်တွေ လက်ခံရေး မြန်မာဖက်က ပြင်ဆင်ထားပေမယ့်၊ ဘင်္ဂလားဒေ့ရ်ှဖက်က တကယ်ပဲ အစီအစဉ်အတိုင်း ဒုက္ခသည်တွေ ပို့နိုင်ပါ့မလား ဒုက္ခသည်တွေရဲ့ သဘောဆန္ဒနဲ့အညီ နေရပ်ပြန်ရေး ဖြစ်လာပါ့မလား စိုးရိမ်မှုတွေကတော့ ရှိနေဆဲပါ။ ကုလသမဂ္ဂဖက်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အဆင်သင့်မဖြစ်သေးဘူးလို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG