အမေရိကန်ဒုသမ္မတ Mike Pence ရဲ့ အာရှခရီးစဉ်အတွင်း အမေရိကန်နဲ့အာရှနိုင်ငံအတွေအကြား အပြန်အလှန်ကုန် သွယ်ရေးတွေကို လွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်းဆက်ပြီးလုပ်ဆောင်သွားမယ့်အကြောင်း အခိုင်အမာပြောဆိုဖို့ ရှိပါတယ်။ ၃၃ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကိုတက်ရောက်ဖို့ အမေရိကန်ဒုသမ္မတ Mike Pence စင်္ကာပူနိုင်ငံ ကိုရောက်ရှိနေတာပါ။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။
ဗီယက်နမ်နဲ့ဖိလစ်ပိုင်နိုင်ငံတွေအပါအ၀င် အင်ဒိုဖိစိဖိတ်ဒေသနိုင်ငံတွေနဲ့အမေရိကန်ပြည်ထောင်စုအကြား လွတ်လပ် တဲ့ကုန်သွယ်ရေးတွေအပြန်အလှန် ဆက်ပြီးလုပ်ဆောင်သွားဖို့ကိစ္စကို အမေရိကန်ဒုသမ္မတ Mike Penceကပြောဆိုဖို့ရှိ နေပါတယ်။ ၃၃ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကို သမ္မတဒေါ်နလ်ထရမ့်ကိုယ်စား တက်ရောက်ဖို့ ဒုသမ္မတ Mike Pence စင်္ကာပူနိုင်ငံကို မနေ့ကရောက်ရှိခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံကနေတဆင့် ရောက်လာတာပါ။
"အင်ဒိုဖိစိဖိတ်ဒေသတိုးတက်ကြီးပွါးရေးနဲ့ငြိမ်းချမ်းရေးမှာ အမေရိကန်နဲ့ဂျပန်မဟာမိတ်ဖြစ်မှုက သမိုင်းနဲ့ချီပြီးအရေးပါတဲ့ ကိစ္စဖြစ်ပါတယ်။ ASEANနဲ့ APECညီလာခံတွေမှာသမ္မတထရမ့်ရဲ့ကိုယ်စားတက်ရောက်ဖို့ ကျနော့်ကို သမ္မက ညွှန်ကြား ထားပါတယ်။ အဲဒါကြောင့် ဒီညီလာခံတွေမသွားခင် ဂျပန်ကိုအရင်ဝင်တာက မှန်ကန်တဲ့ခြေလှမ်းပါ"
အာရှခရီးစဉ်အတွင်းမှာ ကုန်သွယ်ရေးနဲ့ရင်းနှီးမြုပ်နှံမှုကိစ္စတွေတင်မကပဲ လုံခြုံရေးကိစ္စတွေကိုပါ ဒုသမ္မတ Mike Pence ကဆွေးနွေးသွားဖို့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ဗီယက်နမ်နိုင်ငံမှာကျင်းပခဲ့တဲ့ APEC အာရှ ဖိစိဖိတ်စီးပွါးရေး ပူးပေါင်း ဆောင်ရွက်မှုထိပ်သီးဆွေးနွေးပွဲကို သမ္မထရမ့်တက်ရောက်ခဲ့ပြီး အင်ဒိုဖိစိဖိတ်ဒေသတွင်းနိုင်ငံတွေနဲ့ အမေရိကန်အကြား လွတ်လပ်တဲ့ကုန်သွယ်ရေးတွေလုပ်ဖို့ သမ္မတထရမ့်က မဟာဗျူဟာချခဲ့ပါတယ်။ အခုဒုသမ္မတ Mike Penceရဲ့ အာရှခရီး စဉ်မှာ သမ္မတထရမ့်ချခဲ့တဲ့ မဟာဗျူဟာကို အခိုင်အမာလုပ်ဆောင်မယ်ဆိုတဲ့အကြောင်း ထုတ်ဖေါ်ပြောဆိုဖို့ရှိပါတယ်။
အာဆီယံထိပ်သီးဆွေးနွေးပွဲကို စင်္ကာပူနိုင်ငံမှာမနေ့ကစတင်ကျင်းပခဲ့ပြီး ဒီပွဲကို ကမကထလုပ်တဲ့ စင်္ကာပူဝန်ကြီးချုပ်လီရှန် လုံးက အာဆီယံအသင်းရဲ့အနာဂတ်ကို အာရုံစိုက်ကြဖို့ တက်ရောက်လာတဲ့အာဆီယံနိုင်ငံခေါင်းဆောင်တွေကို တိုက်တွန်း ခဲ့ပါတယ်။
"ဒီညနေကျနော်တို့ဆွေးနွေးခဲ့ကြတဲ့အထဲမှာ ကျနော်တို့ဘာတွေကိုလုပ်ဆောင်နိုင်ခဲ့ကြပြီလဲ၊ ဘာတွေလုပ်ဖို့လိုနေသေး တာလဲ၊ အာစီယံရဲ့တိုးတက်ကြီးပွါးမှုတွေအနာဂတ်မှာဖြစ်ပေါ်လာအောင်ဘာတွေစပြီးလုပ်ဆောင်သင့်သလဲဆိုတာတွေ ကိုဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးမှုက ကျနော်တို့အတွက်အကျိုးရှိပါတယ်။ ငြိမ်းချမ်းမှုပိုရအောင် ကျနော်တို့ဘယ်လို လုပ်ကြမလဲ။ ပိုပြီလုံခြုံမှုရှိအောင်၊ စည်းမျဉ်းစည်းကမ်းကိုအခြေခံတဲ့ ညှိနှိုင်းဆွေးမှုမူဘောင်ကိုဘယ်လိုချမှတ်ကြမလဲ။ ကျနော်တို့ အာဆီယံပြည်သူတွေအကျိုးအတွက် အခွင့်အလမ်းအသစ်တွေကို ဘယ်လိုရယူမလဲ၊ တက်ကြွလုံလရှိတဲ့ အာဆီယံအဖြစ်ကျနော်တို့ဘယ်လိုဆက်ပြီးရပ်တည်မလဲ။ အင်အားကြီးနိုင်ငံတွေက အပြိုင်အဆိုင်လွှမ်းမိုးမှုတွေရှိအောင် တိုးမြင့်ပြီးလုပ်နေကြတာကြောင့် ဒီလိုကာလအတွင်းအာစီယံအသင်းဝင်နိုင်ငံတွေက တသံထဲထွက်နိုင်အောင် ကျနော် တို့ဘယ်လိုလုပ်ကြမလဲဆိုတာတွေကျနော်တို့ဆွေးနွေးခဲ့ပါတယ်။"
အာရှဖိစိဖိတ်ဒေသတွင်း စီးပွါးရေးအားကောင်းတဲ့နိုင်ငံတွေကတော့ တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ နယူးဇီ လန်နိုင်ငံတွေပါ ဒီနိုင်ငံတွေအားလုံးနဲ့အာစီယံအကြား လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူညီမှု ငါးခုလုပ်ဆောင်ထား ပြီးပါပြီ။ အရှေ့တောင်အာရှကဖွင့်ဖြိုးဆဲနိုင်ငံတွေအနေနဲ့ အခြေခံအဆောက်အဦးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေကို အကြီး အကျယ်လိုလားနေတာပါ။ အဲဒါကြောင့် အမေရိကန်ဒုသမ္မတ Mike Pence က အခုခရီးစဉ်အတွင်း ဘာတွေပြောမလဲ ၊ အမေရိကန်ဘက်က ဘာတွေကမ်းလှမ်းလိမ့်မလဲ ဆိုတာကို အာဆီယံနိုင်ငံတွေကအာရုံစိုက်နေကြပါတယ်။ တဘက်မှာ ကလည်း စီးပွါးရေးအားကောင်းကြီးထွားလာနေတဲ့ တရုတ်နိုင်ငံကလည်း သူ့ရဲ့ ခါးပတ်လမ်းစီမံကိန်းနဲ့ အာဆီယံဒေသ အတွင်းကို ချဉ်းကပ်ထိုးဖေါက်နေတာပါ။ အဲဒါကြောင့် အာဆီယံနဲ့အင်ဒို ဖိစ ဖိတ်နိုင်ငံတွေအတွက် တရုတ်နဲ့မတူတဲ့ကြီး မားတဲ့စီးပွါးရေးကမ်းလှမ်းမှုတွေကို အမေရိကန်ဘက်က ဘယ်လိုလုပ်ဆောင်လိမ့်မယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အမေ ရိကန်ဒုသမ္မတ Mike Pence ရဲ့ အာရှခရီးစဉ်အတွင်းပြောဆိုလိမ့်မယ်လို့မျှော်လင့်ရပါတယ်။
၃၃ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကို စင်္ကာပူနိုင်ငံမှာ နိုဝင်ဘာလ၁၁ရက်ကနေ ၁၅ရက်နေ့အထိကျင်းပသွားမှာ ဖြစ်ပြီး အဲဒီဆွေးနွေးပွဲကိုတက်ရောက်ဖို့ မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့လည်း စင်္ကာ ပူနိုင်ငံမှာရောက်နေကြပါတယ်။ မြန်မာနိုင်ငံမှာရင်းနှီးမြုပ်နှံမှုတွေလာပြီးလုပ်ဆောင်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့က ကမ်းလှမ်းခဲ့ပါတယ်။