သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်ဝန်ကြီးချုပ် တွေ့ဆုံ


 မြန်မာအတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang
 မြန်မာအတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်ဝန်ကြီးချုပ် Li Keqiang

တရုတ်နိုင်ငံမှာရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တရုတ်ဝန်ကြီးချုပ် Li Keqiang နဲ့တေ့ွဆုံခဲ့ပါတယ်။ ၂ ဖက် အပြန်အလှန်အကျိုးအတွက် လက်တေ့ွကျတဲ့ ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ရှေ့တိုးလုပ်သွားဖို့လိုလားတယ်လို့ အောင်ဆန်းစုကြည်က တရုတ်ဝန်ကြီးချုပ်ကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံစီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံက ခိုင်ခိုင်မာမာပံ့ပိုးတဲ့အတွက်လည်း ကျေးဇူးတင်စကားပြောခဲ့တယ်လို့ တရုတ်ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့သတင်းထဲမှာ ဖော်ပြထားပါတယ်။ ရှေ့နှစ်မှာ အနှစ် ၇၀ ပြည့်မယ့် တရုတ်မြန်မာ သံတမန်ဆက်ဆံရေးမှာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို ပိုပြီးခိုင်မာအောင်နဲ့ ဘုံတိုးတက်ရေးအတွက် အဖက်ဖက်က ပူးပေါင်းဆောင်ရွက်မှုတွေကို တရုတ်ဖက်က တိုးမြှင့်သွားချင်တဲ့အကြောင်း တရုတ်ဝန်ကြီးချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့တယ်လို့ဆိုပါတယ်။

တရုတ်မြန်မာ စီးပွားရေးးစင်္ကြန်တည်ဆောက်ရေးကိုလည်း ရှေ့တိုးဆောင်ရွက်သွားလိုတယ်လို့ ဝန်ကြီးချုပ် Li Keqiang ကဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။ ခေါင်းဆောင် ၂ ယောက်တေ့ွဆုံအပြီးမှာ တရုတ်နဲ့မြန်မာကြား ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တွေ လက်မှတ်ရေးထိုးပွဲကိုလည်း တက်ရောက်ခဲ့ကြပါတယ်။

မနေ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတ Xi Jinping နဲ့တွေ့ဆုံခဲ့ပါတယ်။ ၂ နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့နဲ့ တရုတ်မြန်မာနယ်စပ် လုံခြုံ တည်ငြိမ်ရေး၊ နယ်စပ်မှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ဘဝ ပုံမှန်အေးချမ်းရေးအတွက် တရုတ်က မြန်မာနဲ့လက်တွဲဆောင်ရွက်သွားမယ်လို့ သမ္မတ Xi က ပြောကြားခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း နယ်စပ်တည်ငြိမ်ရေးအတွက် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုလားတယ်လို့ တုံ့ပြန်ခဲ့တဲ့အကြောင်း တရုတ်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

ခေတ်သစ်ပိုးလမ်းမကြီးဆိုင်ရာ အပြည်ပြည်ညီလာခံကို တရုတ်နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေတာဖြစ်ပြီး၊ တရုတ်ခရီးစဉ် ၂၈ ရက်နေ့မှာ ပြီဆုံးရင် ၂၉ ရက်ကနေ မေလ ၁ ရက်နေ့အထိ Cambodia နိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG