သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်နိုင်ငံ အကျိုးတူ ကိစ္စ ဒေါ်အောင်ဆန်းစုကြည် နဲ့ တရုတ်သမ္မတ ဆွေးနွေး


BRI တရုတ် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ မြန်မာက မိတ်ဖက်အနေနဲ့ ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်လာတဲ့ အပေါ် ချီးကျူးထောပနာပြုကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က ဘေဂျင်းမြို့တော်မှာ တွေ့ဆုံချိန် ပြောကြားခဲ့ပါတယ်။

BRI စီမံကိန်းကို တရုတ်အစိုးရ စတင်ချိန် ကတည်းက မြန်မာက ပါဝင်ခဲ့ပြီဖြစ်သလို အကျိုးအမြတ် ကြီးကြီးမားမားရမယ့် ဒီစီမံကိန်း လုပ်ငန်းစဉ်မှာ ဆက်လက်ပါဝင်ဖို့ ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ရှီကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ အခုလို တရုတ်-မြန်မာ ဆက်ဆံရေးမျိုး တကယ်ပဲ မြန်မာအတွက် အကျိုးရှိစေမလား ဆိုတာကိုတော့ အကဲခတ်တွေက သံသယရှိနေပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ဧပြီလ ၂၅-၂၇ ရက်နေ့ထိ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် Belt and Road Initiative (BRI) နိုင်ငံတကာ ညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ဟာ ညီလာခံမတိုင်ခင် မနေ့ ဗုဒ္ဓဟူးနေ့ က သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်က အဆိုပြုထားတဲ့ BRI ခေတ်သစ်ပိုးလမ်းမ စီမံကိန်းနဲ့ ပတ်သက်လို့ ပူးပေါင်း အကောင်အထည်ဖေါ်ဖို့ အတွက် မြန်မာအစိုးရက ဦးဆောင် ကော်မတီတရပ် ဖွဲ့စည်းထားတဲ့ အပေါ် တရုတ်အစိုးရက ချီးကျူး ထောပနာပြုကြောင်း သမ္မတ ရှီက ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါတယ်။

“ အခုကျင်းပတဲ့ BRI နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာတာဟာ ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး ကျနော့် အနေနဲ့ကြိုဆိုပါတယ်။ Belt and Road စီမံကိန်းရဲ့ ဖွံဖြိုး တိုးတက်ရေးမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကိုယ်တိုင် မျက်မှောက် မြင်တွေ့ခဲ့ရသူ၊ ပါဝင်ဆောင်ရွက်သူလည်း ဖြစ်ပါတယ်။ ”

ဒါ့အပြင် BRI စီမံကိန်း မူဘောင်အတွင်း နှစ်နိုင်ငံ အပြန်အလှန် အကျိူးတူ ပူးပေါင်းဆောင်ရွက်မှုကို ပိုပြီး အားကောင်းစေဖို့ ဆန္ဒရှိနေကြောင်း သမ္မတရှီက ဆိုပါတယ်။

မြန်မာကတော့ ဒီစီမံကိန်းကို အစကတည်းက ထောက်ခံကြောင်းနဲ့ ဆက်လက်ပါဝင်ဖို့ ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တရုတ်သမ္မတကို အခုလို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“ BRI စီမံကိန်း စတင် ကတည်းက ကျမတို့ ပါဝင်ခဲ့ပြီး ဖြစ်သလို၊ အနည်းအကျဉ်းသာ မဟုတ်ဘဲ အားလုံးကိုခြုံပြီး အကျိုးအမြတ် ကြီးကြီးမားမားရဖို့ ရှိနေတဲ့ ဒီစီမံကိန်း လုပ်ငန်းစဉ်မှာ မြန်မာအနေနဲ့ တထောင့် တနေရာကနေ ပါဝင်ဖို့ ကျမတို့ ဆန္ဒရှိပါတယ်။ အထူးသဖြင့် ကျမတို့ နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ မိတ်ဆွေ အဖြစ်နဲ့ရော၊ ပူးပေါင်းဆောင်ရွက်မှု အရရော လာမယ့်နှစ် ကာလတွေမှာ ပိုမို ခိုင်မာလာမှာ ဖြစ်တဲ့ အတွက်လည်း ကျမတို့ အားတက်မိပါတယ်။ ”

တရုတ်ရဲ့ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြောင့် ဖွံဖြိုးဆဲ မြန်မာနိုင်ငံ အတွက် တိုးတက်မှုတွေ ရှိလာမှာကို ကြိုဆိုပေမယ့် တရုတ် အကြွေးထောင်ချောက်ထဲ ပိတ်မိမယ့် အဖြစ်ကို စိုးရိမ်မကင်းဖြစ်မိကြောင်း အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ရှမ်းစာပေ၊ ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က ဗွီအိုအေကို ပြောပါတယ်။

“ ဒီတရုတ်ရဲ့စီမံကိန်းဟာ ကျနော်တို့ မြန်မာနိုင်ငံမှာ အများကြီး ရှိတယ်။ ဆိုတော့ အဲဒီ စီမံကိန်းဟာ တကယ်ပဲ ကျနော်တို့ မြန်မာနိုင်ငံကို အကျိုးပြုမယ် ဆိုရင် ကျနော်တို့ အနေနဲ့ အတိုင်းထက် အလွန် ဝမ်းသာပါတယ်။ ဒါပေမယ့် သတိတော့ ထားရမယ်။ ဒီစီမံကိန်းတွေထဲကနေ ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံက တရုတ်ပြည်ကို ဘယ်လောက်အထိတောင် အကြွေးတင်သွားမလဲ ဆိုတာ အများကြီး သတိထားရမယ်။ အကြွေးတင်ပြီးတော့မှ အဲဒီ အကြွေးတွေကို ပြန်မဆပ်နိုင်ဘူး ဆိုရင် ကျနော်တို့ တိုင်းပြည်က အဲဒီ တရုတ်လက်ထဲ ရောက်သွားမလားဆိုတာ အဲဒါကို အများကြီး စိုးရိမ်စရာ ရှိပါတယ်။ ”

တနိုင်ငံလုံး စိုးရိမ်မကင်း ဖြစ်နေတဲ့ ကချင်ပြည်နယ်က သဘာ၀ ပတ်ဝန်းကျင် ဘေးအန္တရာယ်ကို အကြီးအကျယ် ထိခိုက်စေမယ့် တရုတ်ရဲ့မြစ်ဆုံဆည် စီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းဖို့ အခုခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တရုတ်ခေါင်းဆောင်တွေကို ပြတ်ပြတ်သားသား ပြောဖို့ လိုကြောင်း ဒေါက်တာ စိုင်းထွေးမောင်က ဆိုပါတယ်။

“ အခု ဆိုရင် ကျနော်တို့ မြန်မာပြည် တပြည်လုံးက နေပြီးတော့မှ ဒါကို မလုပ်ဖို့ရန် အတွက် တောင်းဆိုတယ်။ တယောက် တဒေါ်လာစီ ကောက်ပြီးတော့တောင်မှ ထည့်ဝင်ပြီးတော့ တောင်မှ မြစ်ဆုံဆည်ကို ပြန်ရွေးယူမယ်၊ ပြန်ကယ်မယ် အဲလိုကြွေးကြော်ပြီး ဆန္ဒရှိနေတယ်၊ စီစဉ်နေကြတယ်။ ဒါကြောင့်မို့လို့ ကျနေ်ာတို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ တာဝန်ရှိတဲ့ ကျနော်တို့ တိုင်းပြည် ခေါင်းဆောင်ကြီးတွေ သေချာစဉ်းစားပြီးတော့ ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း တကယ့် တိုင်းပြည်ကို ထိခိုက်နစ်နာ စေမယ်ဆိုလို့ ရှိရင် သတ္တိရှိရှိနဲ့ ဒီမြစ်ဆုံ စီမံကိန်းမှာ ဖျက်သိမ်းပစ်ဖို့ ကျနော့် အနေနဲ့ တောင်းဆို ချင်ပါတယ်။ ”

တရုတ်ရဲ့ BRI ခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြီးမှာ မြန်မာအနေနဲ့ ပါဝင်ဖို့ သဘောတူညီချက်အရ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ ဖွဲ့စည်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် မှာ တရုတ်က မြန်မာနိုင်ငံအတွင်း အကောင်အထည်ဖေါ်ဖို့ အဆိုပြုထားတဲ့ စီမံကိန်း အသစ်ပေါင်း (၃၀) ရှိနေတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် မတိုင်ခင် နှစ်နိုင်ငံ လက်မှတ်ရေးထိုး သဘောတူညီမယ့် အချက်တွေနဲ့ ပတ်သက်လို့ ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖေါ်ဝါရီလက ယူနန်ပြည်နယ် Kunming မြို့မှာ တရုတ်အစိုးရ ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံညှိနှိုင်း ခဲ့ပါတယ်။ အဲဒီက ဆွေးနွေးပွဲအပြီး ဝန်ကြီး ဦးအောင်ထူးက သတင်းမီဒီယာတွေကို ပြောကြားချက်အရ -ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု တရုတ်ခရီးစဉ်မှာ ၂၀၁၇ ခုနှစ် ကတည်းက သဘောတူညီထားတဲ့ တရုတ်-မြန်မာ စီးပွားရေးဇုံ တည်ဆောက်မယ့် စီမံကိန်းကို ဆွေးနွေး သဘောတူဖို့ ရှိသလို၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် သဘောတူညီချက် အတွက် ပထမအဆင့် အကောင်အထည် ဖေါ်မယ့် စီမံကိန်းတွေ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တရုတ်အစိုးရ ခေါင်းဆောင်တွေ ဆွေးနွေးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

သမ္မတရှီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ- မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံဖြိုးတိုးတက်အောင်နဲ့ လူတွေရဲ့အသက်မွေးဝမ်းကျောင်း ပိုမိုကောင်းမွန်လာအောင် တရုတ်နိုင်ငံအနေနဲ့ကူညီအားပေးနေပြီး နိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရဖို့မြန်မာအစိုးရရဲ့ကြိုးပမ်းချက်တွေကို လေးစားကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် နယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်ရေး ကာကွယ်ဖို့အတွက် မြန်မာနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ အဆင်သင့်ရှိနေကြောင်း သမ္မတ ရှီကျင်ပင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းပြီး တည်ငြိမ်မှုရှိတဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် တရုတ်ရဲ့ ကူညီထောက်ခံမှုနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကျေးဇူးတင်ကြောင်း သမ္မတရှီကို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG