သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံရောက်ရှိ


တရုတ်နိုင်ငံမှာ ကျင်းပမယ့် ခေတ်သစ်ပိုးလမ်းမ တည်ဆောက်ရေး ဆွေးနွေးမယ့် ညီလာခံကို တက်ရောက်ဖို့ မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ပဲ တရုတ်နိုင်ငံကို ရောက်ရှိသွားပါတယ်။

မနက်ဖြန်မှာ စတင်မယ့် ဒုတိယအကြိမ် ရပ်ဝန်းနဲ့ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို တက်ရောက်ဖို့ တရုတ်နိုင်ငံကို ထွက်ခွာသွားခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ခရီးတထောက်အဖြစ် ကူမင်းမြို့ကို ရောက်ရှိစဉ်မှာ ယူနန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့က ကြိုဆိုခဲ့ကြောင်းလည်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

ဘေဂျင်းမြို့တော်မှာ ကျင်းပမယ့် ညီလာခံကိုတော့ ထိပ်တန်းခေါင်းဆောင် ၄၀ အပါအဝင် နိုင်ငံပေါင်း ၁၅၀ က ကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်ကြောင်းလည်း တရုတ်နိုင်ငံက သတင်းထုတ်ပြန်ထားတာပါ။ ညီလာခံ တက်ရောက်ဖို့ ရောက်လာကြတဲ့ အထဲက မိုဇမ်ဘစ်သမ္မတ Filipe Nyusi နဲ့ တရုတ်သမ္မတ Xi Jingping တို့ တွေ့ဆုံရာမှာတော့ မကြာသေးခင်တုန်းက မိုဇမ်ဘစ်နိုင်ငံမှာ ကြုံခဲ့ရတဲ့ ကပ်ဘေးဒဏ်အတွက် စာနာမှု အကူအညီပေးဖို့လည်း ကမ်းလှမ်းခဲ့ပါတယ်။

တရုတ်သမ္မတဟာ အီသီယိုပီးယား ဝန်ကြီးချုပ် Abiy Ahmed နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အကြီးအကဲ Christine Lagarde တို့နဲ့လည်း သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ တရုတ်သမ္မတ Xi ကတော့ တရုတ်နိုင်ငံကနေ အာရှ၊ ဥရောပအထိ ဆက်သွယ်ပေးထားတဲ့ တချိန်က ပိုးလမ်းမနေရာမှာ ခေတ်မှီဆက်သွယ်ရေး လမ်းကြောင်းနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်သွားဖို့ ရည်မှန်းထားတာပါ။ တရုတ်နိုင်ငံရဲ့ ပြည်ပမှာ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် နိုင်ငံတချို့မှာ အကြွေးထောင်ချောက်နဲ့ ပိတ်မိတဲ့ အဖြစ်တွေ ကြုံနေရတယ်လို့ ဝေဖန်သံတွေ ထွက်ပေါ်နေချိန်မှာပဲ ညီလာခံ ကျင်းပနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG