သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံရဲ့တရုတ်ခရီးစဉ် နှစ်နိုင်ငံဆက်ဆံရေး ပိုအားကောင်းစေမည်လား


 ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ရာ မှ ပြန်လည်ရောက်ရှိ (Myanmar State Counsellor Office)
ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ရာ မှ ပြန်လည်ရောက်ရှိ (Myanmar State Counsellor Office)

တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာ နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲကို အထူးဧည့်သည်တော် အဖြစ် သွားရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ နိုင်ငံရေးပါတီထိပ်သီးခေါင်းဆောင်တွေ တက်တဲ့ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်းပြောကြားခဲ့သလို တရုတ်သမ္မတရှီကျင့်ပင်နဲ့လည်းသီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလုပ်သဘော ချစ်ကြည်ရေး ခရီးစဉ်ကနေ တရုတ်-မြန်မာနှစ်နိုင်ငံကြား ဆက်ဆံရေး အလားအလာတွေ ဘယ်လို ရှိလာနိုင်ပါသလဲ ဆိုတဲ့ အမြင်သဘောထားတွေကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာ နိုင်ငံရေးပါတီတွေရဲ့အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များဆွေးနွေးပွဲကို အထူးဧည့်သည်တော်အဖြစ် တက်ရောက်ဖို့ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက် နဲ့သွားခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလုပ်သဘော ချစ်ကြည်ရေးခရီးစဉ်အဆုံးသတ်ပြီး မြန်မာပြည်ကို ပြန်ရောက်ရှိလာပြီဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံပါတီတွေရဲ့ ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း ပြောကြားခွင့်ရခဲ့သလို သမ္မတရှီကျင့်ပင်နဲ့လည်း အစိုးရကိုယ်စားလှယ်အဖွဲ့ချင်း သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံရေးပါတီရဲ့ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံတဲ့ပွဲမှာ မြန်မာခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ခွန်းပြောကြားခိုင်းတာဟာ တရုတ်အစိုးရဘက်က မြန်မာအစိုးရကို အတော်လေး အလေးပေးဆက်ဆံတဲ့သဘော ဖြစ်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းက သုံးသပ်ပါတယ်။

"ကျနော်မြင်တာကတော့ အခုကာလမှာ တရုတ်က မြန်မာအစိုးရကို အတော့်ကိုဆွဲဆောင်နေတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ သူတို့ရဲ့အနောက်ဘက်ဖွင့်ရေး လုပ်ငန်းတခု လမ်းကြောင်းပေါ်လစီနဲ့အတူ အရမ်းကို ဆွဲဆောင်နေတယ်လို့ ကျနော်သတိထားမိပါတယ်။ ဒီဘက် နယ်စပ်တွေမှာလည်း ကျနော်တို့နေရာနဲ့ဆိုရင် မြစ်ကြီးနားနဲ့ပေါ့ တခြားဟာတွေမှာလည်း အဲလိုပဲ သက်ဆိုင်ရာမြို့တွေနဲ့ ပူးပေါင်းပြီးတော့ဆောင်ရွက်မှုတွေ ဖလှယ်မှုတွေ အမျိုးမျိုးလုပ်နေတာခင်ဗျ အခုတလော မြန်မာပြည်ထဲမှာလည်း သူတို့ရဲ့ လူမှုလုပ်ငန်းဆိုတာမျိုးတွေ အမျိုးမျိုးဆက်သွယ်ပြီးတော့ ဖလှယ်ရေးတွေ လုပ်နေတာ သူတို့အစီအစဉ်အကြီးကြီးနဲ့ လုပ်နေတာပေါ့နော်။ သူတို့ဘက်ကတော့ ရှေ့တိုးနေတယ်လို့ ပြောရပါလိမ့်မယ်။ ရေရှည်စောင့်ကြည့်ပြီးမှ ဒါတွေကို တန်ဖိုးဖြတ်တာကောင်းလိမ့်မယ်လို့ ထင်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ အလုပ်သဘောချစ်ကြည်ရေးခရီးစဉ်ကနေ တရုတ်-မြန်မာနှစ်နိုင်ငံကြား ဆက်ဆံမှုတွေ ပိုတိုးလာမယ့်သဘောမြင်တွေ့ရတယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာနေသူ သတင်းစာဆရာဦးစည်သူအောင်မြင့်ကလည်း အခုလိုရှု့မြင်ပါတယ်။

"ပူးပေါင်းဆောင်ရွက်မှုတွေ ပိုများလာနိုင်တယ် ဘာဖြစ်လို့လဲဆိုတော့ ရခုင်ပြည်နယ်မြောက်ပိုင်းက ပြဿနာကို အရင်းခံပြီးတော့ တရုတ်ပြည်က မြန်မာနိုင်ငံဘက်ကနေ ရပ်တည်တယ်။ ရပ်တည်တဲ့အခါကျတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒါကြီးကို အနောက်နိုင်ငံတွေရဲ့ ဆန့်ကျင်မှုကို ရင်ဆိုင်ရတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း တရုတ်ပြည်နဲ့ နီးနီးကပ်ကပ် ဆက်ဆံဖို့ လိုလာတယ်ဆိုတာ သိတဲ့အခါကျတော့ သူအဲဒါကို လုပ်တယ်။ လုပ်တော့ ဒီတခေါက်ခရီးစဉ်မှာဆိုရင် ထူးခြားတာကတော့ အဖွင့်မိန့်ခွန်းမှာ Cambodia ဝန်ကြီးချုပ် Hun San နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဖွင့်မိန့်ခွန်းပြောခွင့်ပေးတာပေါ့နော်။ သမ္မတ ရှီကျင်းပင်ပြီးတာနဲ့ သူတို့ပြောခွင့်ရတယ်။ ဆိုတော့ ဒါတွေက အထူးအခွင့်အရေး တဖက်က ပေးသလိုမျိုး နောက်အစီးအဝေးထုပ်တဲ့အခါကျတော့သီးသန့် အစိုးရအဖွဲ့အစည်းအဝေးလုပ်တဲ့သဘောမျိုးပေါ့။ အဲဒါမျိုးလုပ်တာလည်းတွေ့ရတယ် ဆိုတော့ တိုင်းပြည်ရဲ့ ရင်းနှီးမြုပ်နှံမှုဆိုင်ရာကိစ္စတွေ အထွေထွေကိစ္စတွေအားလုံးပါမယ်လို့ မျှော်လင့်ရတယ်။ ဆိုတော့ ပိုပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုများလာတယ်ဆိုတဲ့သဘောကိုတော့ ခန့်မှန်းလို့ ရပါတယ်။"

စီးပွားရေး ဆိုင်ရာကိစ္စတွေ အပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးတွေကို တရုတ်သမ္မတနဲ့ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ အောင်မြင်တဲ့ခရီးစဉ်တခုဖြစ်လာနိုင်တယ်လို့လည်း ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

"အောင်မြင်တဲ့ခရီးစဉ် ဖြစ်လာလိမ့်မယ်လို့ ထင်တယ် ဘာဖြစ်လို့လဲဆိုတော့ တရုတ်နဲ့ မြန်မာနဲ့ကအခု ဘယ်လိုဖြစ်သလဲဆိုတေ့ ၂ ဖက်စလုံးက တယောက်ကိုတယောက်လိုအပ်နေတယ်လေ။ မြန်မာဘက်ကလည်း တရုတ်နိုင်ငံရဲ့ ကာကွယ်ပေးမှုတွေ ငြိမ်းချမ်းရေးမှာ ကူညီပေးမှုတွေ လိုအပ်နေသလိုမျိုး တရုတ်ကလည်း သူ့မျှော်လင့်ချက်တွေဖြစ်တဲ့ ဒီပိုးလမ်းမကြီးစီမံကိန်းဆိုင်ရာကိစ္စတွေ ၊ ကျောက်ဖြူမှာ ရေနက်ဆိပ်ကမ်းလုပ်ပြီးမှ မြန်မာနိုင်ငံထဲမှာ ရင်နှီးမြှပ်နှံမှုဆိုင်ရာ ကိစ္စတွေမှာ မြန်မာအစိုးရရဲ့ အားပေးထောက်ခံကူညီမှုတွေကိုလိုမယ်။ ၂ ဖက်စလုံးလိုနေတဲ့အခါကျတော့ ဒီအခြေအနေတွေပေါ်မှာ ၂ ဖက်အကျိုးတွေလုပ်ပြီးတော့ သူတို့ ပူးပေါင်းဆောင်ရွက်ရေးတွေ မြှင့်တင်နိုင်ခဲ့တယ်လို့ ယူဆပါတယ်။"

အထူးသဖြင့်ကတော့ မြန်မာပြည်ရဲ့ ဖော်ဆောင်နေရဆဲ အပစ်ခတ်ရပ်စဲရေးပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တရုတ်အစိုးရရဲ့ ကူညီဆောင်ရွက်ပေးမှုကလည်း မြန်မာနိုင်ငံအတွက် အရေးပါတဲ့ကဏ္ဍဖြစ်နေတာကြောင့် ဒီခရီးစဉ်ရဲ့ ဆွေးနွေးမှုတွေကလည်း မကြာခင်ကျင်းပမယ့် တတိယအကြိမ်ပင်လုံအတွက် အရေးကြီးတယ်လို့ ဦးစည်သူအောင်မြင့်က မြင်ပါတယ်။

"တရုတ်ပြည်နယ်စပ်မှာရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရနဲ့ပေါ့နော် ငြိမ်းချမ်းရေးရဖို့ ကိစ္စတွေအဲလိုကိစ္စတွေမှာ တရုတ်နိုင်ငံက အများကြီးအရေးပါတယ်။ ဆိုတဲ့အခါကျတော့ အဲလိုအခြေအနေမျိုးမှာ ဒီတပ်ဖွဲ့တွေနဲ့ အစိုးရနဲ့ ပြန်ပြီးတော့မှ သင့်မြတ်ဖို့ဆိုတာက အစိုးရက သူ့ဖာသာသူလုပ်နေရင် ၊ တဖက်ကလည်း မသိကျိုးကျွန်ပြုထားရင် သိပ်ပြီးတော့ မလွယ်လှဘူး။ တရုတ်နိုင်ငံဘက်က တကယ်ကို တွန်းတွန်းတိုက်တိုက်နဲ့ ကူညီပေးပါမှ ဒီကိစ္စက အောင်မြင်နိုင်မယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စကိုတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ပြောဆိုဆွေးနွေးတာတွေ ရှိမယ်လို့ ယူဆပါတယ်။"

တရုတ်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ဦးဆောင်တဲ့ နှစ်နိုင်ငံ အစိုးရကိုယ်စားလှယ်အဖွဲ့တွေ ဆွေးနွေးတဲ့ ထိပ်သီးဆွေးနွေးပွဲမှာတော့ဘက်စုံ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ နှစ်ဖက် အဆင့်မြင့် ခေါင်းဆောင်တွေ အကြားနဲ့ နှစ်နိုင်ငံပြည်သူအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု တိုးမြင့်ဖော်ဆောင်ရေး အပါအဝင် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေး နောက်နှစ်နိုင်ငံအကြား အကောင်အထည်ဖော်မယ့် စီမံကိန်းကြီးတွေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တရုတ်နိုင်ငံက အကူအညီပေးမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီး အဓိကဆွေးနွေးခဲ့တယ်ဆိုတာ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG