သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာ ဆက်ဆံမှုခိုင်မာရေး Xi Jinping နဲ့ ဒေါ်စုဆွေးနွေး


တရုတ်-မြန်မာ ဆက်ဆံမှုခိုင်မာရေး Xi Jinping နဲ့ ဒေါ်စုဆွေးနွေး (Myanmar State Counsellor Office)
တရုတ်-မြန်မာ ဆက်ဆံမှုခိုင်မာရေး Xi Jinping နဲ့ ဒေါ်စုဆွေးနွေး (Myanmar State Counsellor Office)

နိုင်ငံရေးပါတီ အချင်းချင်းဆက်ဆံရေး ပိုမိုအားကောင်းစေဖို့ တရုတ်သမ္မတ ရှီကျင်းပင်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ တိုက်တွန်းလိုက်ပါတယ်။ တရုတ်အနေနဲ့ မြန်မာစစ်တပ်နဲ့ ပိုပြီး နီးနီးကပ်ကပ်ဆက်ဆံမှုတွေရှိနေတယ်လို့ ဝေဖန်မှုတွေထွက်နေချိန် အာဏာရ အရပ်သားအစိုးရပါတီနဲ့ နှစ်ဘက်အပြန်အလှန်အနီးကပ်ပိုပြီး ဆက်ဆံရေး တည်ဆောက်လိုကြောင်း တရုတ်သမ္မတက ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင်းပင် တို့နှစ်ဦး သောကြာနေ့က ဘေဂျင်းမြို့တော်မှာ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့တဲ့ အဓိက အကြောင်းအရာတွေကို မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၃ ရက်နေ့ထိ တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပနေတဲ့ CPC တရုတ်ကွန်မြူနစ်ပါတီနဲ့ ကမ္ဘာ့ နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ မနေ့က သီးသန့်တွေ့ဆုံရာမှာ အာဏာရပါတီ အချင်းချင်း မဟာဗျူဟာမြောက် ဆက်ဆံရေးခိုင်မာအားကောင်းစေဖို့ သူ့အနေနဲ့ မျှော်လင့်ကြောင်း ရှီကျင်းပင်က ပြောဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပြီးကတည်းက သူတို့နှစ်ဦး အကြိမ်များတွေ့ဆုံခဲ့ပြီးဖြစ်ကြောင်းလည်း သမ္မတ ရှီက ဒေါ်အောင်ဆန်းစုကြည်ကို ပြောဆိုခဲ့ပါတယ်။ နှစ်နိုင်ငံ အာဏာရပါတီတွေဖြစ်တဲ့ CPC နဲ့ NLD ဆက်ဆံရေး ဆက်လက်တိုးတက်မှုတွေကြောင့် တရုတ်နဲ့ မြန်မာ နိုင်ငံရေးအရဆက်ဆံမှုကိုသာမက ပြည်သူအချင်းချင်း ဆက်ဆံရေးကိုပါ ပိုမိုခိုင်မာစေတယ်လို့လည်း သမ္မတ ရှီက ဆိုပါတယ်။

CPC ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ တရုတ်သမ္မတ ရှီကျင်းပင်ဟာ မနေ့က CPC နဲ့ ကမ္ဘာ့ နိုင်ငံရေးပါတီတွေက အဆင့်မြင့် ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းပြောကြားရာမှာ အခြားနိုင်ငံတွေနဲ့ သံတမန်ရေးဆက်ဆံရေးမှာ တရုတ်ရဲ့ နည်းဗျူဟာ ပုံစံသစ်ကို ပြောဆိုခဲ့ပေမယ့် တရုတ်နိုင်ငံ စနစ်အတိုင်း အခြားနိုင်ငံတွေက လိုက်လုပ်ရမယ်ဆိုတာမျိုးတော့ ဘယ်တော့မှ တိုက်တွန်းမှာ မဟုတ်ဘူးလို့ အခုလိုပြောသွားပါတယ်။

"အခြားနိုင်ငံတွေက အုပ်ချုပ်ပုံမျိုး တရုတ်နိုင်ငံက လိုက်လုပ်မှာ မဟုတ်သလို ကျနော်တို့ ရဲ့ အုပ်ချုပ်ပုံမျိုးအတိုင်း အခြားနိုင်ငံတွေလိုက်လုပ်ရမယ်လို့လည်း ပြောမှာမဟုတ်ပါဘူး။ တရုတ်နိုင်ငံက အကောင်အထည်ဖေါ်နေတဲ့ လမ်းစဉ်အတိုင်း ပုံတူကူးပြီး လိုက်လုပ်ပါလို့လည်း အခြားနိုင်ငံတွေကို ဘယ်တော့မှ တောင်းဆိုမှာမဟုတ်ပါဘူး။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတရှီကျင်းပင် သီးသန့်တွေ့ဆုံရာမှာလည်း ခေတ်သစ်မှာ တရုတ်ရဲ့ သံတမန်ရေးရည်ရွယ်ချက်ဟာ လူသားထုအတွက် တူညီတဲ့အနာဂတ်အသိုင်းအဝိုင်း တည်ဆောက်ရေးဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီရည်မှန်းချက်ဟာလည်း မကြာသေးခင်က ကျင်းပခဲ့တဲ့ ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားညီလာခံကထွက်လာတဲ့ အဓိကရလာဒ်တွေထဲက တခုဖြစ်ကြောင်း သမ္မတရှီက ဒေါ်အောင်ဆန်းစုကြည်ကိုပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လက မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာမွတ်စလင် ခြောက်သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့ဖြစ်ရပ်ကို လူမျိုးစု ရှင်းလင်းဖယ်ရှားမှုအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာကို အပြင်းအထန်ဝေဖန်နေချိန်မှာ တရုတ်အစိုးရကမြန်မာအစိုးရဘက်က ရပ်တည်ကြောင်း အခိုင်အမာပြသခဲ့ပါတယ်။

ဒါကြောင့် တရုတ်သမ္မတရှီကျင်းပင်နဲ့ သီးသန့်တွေ့ဆုံချိန်မှာရော၊ ကမ္ဘာ့ နိုင်ငံရေးပါတီတွေက အဆင့်မြင့် ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းပြောကြားရာမှာပါ တရုတ်အပါအဝင် မြန်မာနိုင်ငံအပေါ် နားလည်ထောက်ခံပေးတဲ့မိတ်ဆွေတွေကို ကျေးဇူးအထူးတင်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားခဲ့ပါတယ်။

"ကျမတို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ထောက်ခံကူညီပေးနေတဲ့ ကျမတို့ပြည်သူတွေ အပါအဝင် မိတ်ဆွေတွေအားလုံးကို လေးစားတန်ဖိုးထားပါတယ်။ ကျမတို့လိုအပ်နေတဲ့အချိန်မှာ ကျမတို့အပေါ် နားလည်မှုပေးပြီး ပံပိုးကူညီသူတွေကိုလည်း ကျမတို့ ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်ပါဘူး။"

တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံရာမှာလည်း တရုတ်နဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်မှုဟာ မြန်မာနိုင်ငံအတွက် အလွန်အင်မတန်မှ အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောဆိုခဲ့ပါတယ်။ ဒါအပြင် အာဏာရပါတီအချင်းချင်း အနီးကပ်ဆက်ဆံရေး ပိုမိုတိုးမြှင့်ဖို့ တရုတ်သမ္မရှီကျင်းပင်ပြောဆိုခဲ့တဲ့အချက်ကိုလည်း သူ့အနေနဲ့ သဘောတူကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်စီးပွားရေးလမ်းကြောင်း လိုမျိုး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖွံဖြိုးမှုအသစ်ဖြစ်ထွန်းလာတဲ့ကိစ္စရပ်တွေကို ပြုစုပျိုးထောင်ဖို့၊နှစ်ဘက်အပြန်အလှန်သဘောတူညီချက်အားလုံးကို လက်တွေ့အကောင်အထည်ဖေါ်ဖို့နဲ့ နှစ်နိုင်ငံဆက်ဆံရေး မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ဆက်လက်ရှိနေရေး ထိန်းသိမ်းဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတရှီကျင်းပင်တို့ ဆွေးနွေးသဘောတူညီခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG