သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကွန်မြူနစ်ပါတီ နဲ့ ကမ္ဘာ့နိုင်ငံရေးပါတီ ထိပ်သီးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား


တရုတ်ကွန်မြူနစ်ပါတီ နဲ့ ကမ္ဘာ့နိုင်ငံရေးပါတီ ထိပ်သီးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား။
တရုတ်ကွန်မြူနစ်ပါတီ နဲ့ ကမ္ဘာ့နိုင်ငံရေးပါတီ ထိပ်သီးဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား။

တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ ဒီကနေ့ စတင်ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခြင်းအားဖြင့် နိုင်ငံတကာနဲ့ ဒေသတွင်း အာရုံစိုက်ခံနေရတဲ့ ရခိုင်အရေး မြန်မာအစိုးရရဲ့ ရပ်တည်ချက် သဘောထားနဲ့ ကိုင်တွယ်ဖြေရှင်းနေတာတွေကို ဒေသတွင်းက ခေါင်းဆောင်တွေကို တိုက်ရိုက်ရှင်းပြနိုင်မယ့်အခွင့်အလမ်းတခုအဖြစ် တရုတ်-မြန်မာအရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ တနင်္ဂနွေနေ့အထိကျင်းပသွားမယ့် နိုင်ငံတကာ ပါတီထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကနေ တရုတ်-မြန်မာ နောက် မြန်မာနိုင်ငံနဲ့ နိုင်ငံတကာ-ဒေသတွင်းကြား ဆက်ဆံရေးတိုးမြင့်ကောင်းမွန်လာမယ့်အလားအလာကောင်းတွေကို မျှော်လင့်မှုတွေရှိပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွား -တက်ရောက်တဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ ဒီကနေ့ စတင် ကျင်းပပြီဖြစ်ပါတယ်။နိုဝင်ဘာလ ၃၀ရက်နေ့ကနေ ဒီဇင်ဘာလ ၃ရက်နေ့အထိ လေးရက်တာ ကျင်းပမယ့် ဒီညီလာခံမှာတော့ နိုင်ငံပေါင်း ၁၂၀ ကျော်က နိုင်ငံရေးပါတီပေါင်း ၂၀၀ကျော်က ခေါင်းဆောင်တွေ တက်ရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီကနေ့ပြောကြားတဲ့ တရုတ်သမ္မတမိန့်ခွန်း နဲ့ နောက် တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့် ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲရဲ့ အဓိက ဦးတည်ချက်ဖြစ်တဲ့ "ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကမ္ဘာကြီးအတွက် အတူတကွ ရှေ့ရှုဆောင်ရွက်ကြမယ်"ဆိုတဲ့ ခေါင်းစဉ် နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအခြေစိုက် တရုတ်-မြန်မာအရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက အခုလိုပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် တက်တဲ့ အဲဒီ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီများရဲ့ အဆင့်မြင့်ခေါင်းဆောင်များနဲ့ ဆွေးနွေးပွဲကြီးဖြစ်တယ်။ သမ္မတ Xi Jinping ကိုယ်တိုင်တက်ပြီး မိန့်ခွန်းပြောတယ်။ မနက်ပိုင်းကတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ လွန်ခဲ့တဲ့ ၅ နှစ် အတွင်း လုပ်ဆောင်ချက်များဆိုတဲ့ ပြတိုက်ကို သွားကြည့်ကြတယ်လု့ိပြောတယ်။ မနက်ဖြန်ကြရင်တေ့ာ သူတို့ Seminar တွေပေါ့ အုပ်စုတွေ ခွဲခွဲပြီး ဆွေးနွေးမယ်တဲ့။ ၃ ရက်နေ့မှာ အပိတ်လုပ်ပြီးတော့ ပူးတွဲထုတ်ပြန်ချက်ထုတ်မယ်လို့ ။ အဲဒီ ကွန်မြူနစ်ပါတီရဲ့ နောက်ဆုံးအခု နိုင်ငံတကာအခြေအနေနဲ့ ပတ်သက်ပြီးတော့ ကြွေးကြော်တာတခုက အနာဂတ်ကို မျှဝေပိုင်ဆိုင်တဲ့ လူ့အဖွဲ့အစည်းတရပ်တည်ထောင်မည်ဆိုတာကို သူက တင်ထားတယ်။ ဒါက Xi Jinpingရဲ့ အတွေးအခေါ်အရ တင်တဲ့ စကားလုံးပဲ ဆိုတော့ အဲဒီအောက်မှာဆိုရင် သူတို့က ကမ္ဘာ့ပြဿနာတွေ အားလုံးကို စုပေါင်းဖြေရှင်းဖို့ ဝိုင်းဝန်းဆွေးနွေးကြမယ်။ ပူးပေါင်းဖြေရှင်းမယ် ပြီးတော့ ရရှိလာတဲ့ အကျိုးအမြတ်ကို မျှဝေမယ်ဆိုပြီး အဲဒီသဘောတရားတွေ ပြောသံကြားတယ်။ သူက ဒေသဆိုင်ရာ အားလုံးကို ပူးပေါင်းဆောင်ရွက်ဖို့လုပ်တော့ မြန်မာပြည်နဲ့လည်း ပိုမိုနီးကပ်လာတာတွေ့ရတယ်။ နောက်တခုက မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းမှာလည်း သူတို့က ထဲထဲဝင်ဝင် ဝင်ရောက်ပြီးတော့ လုပ်ကိုင်ဖို့ကြိုးစားနေတာတွေလည်း တွေ့ရတယ်။”

နိုင်ငံရေးပါတီတွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို မြန်မာနိုင်ငံက အတို်က်အခံပါတီကြီးဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ပိုင်းတွေလည်း တက်ရောက်ပါတယ်။ အစည်းအဝေး ဒုတိယနေ့မှာတော့ နိုင်ငံတကာပါတီခေါင်းဆောင်တွေဟာ ကဏ္ဍအလိုက် ဆွေးနွေးကြမှာဖြစ်ပြီး ဆွေးနွေးမှုတွေ ပြီးဆုံးတဲ့နေ့မှာတော့ ပူးတွဲကြေညာချက် ထုတ်ပြန်ဖို့ရှိပါတယ်။

တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့် ခေါင်းဆောင်တွေ ဆွေးနွေးပွဲမှာ အထူးဧည့်သည်တော်အဖြစ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားမှာဖြစ်သလို သူမရဲ့ အလုပ်သဘော ချစ်ကြည်ရေး ခရီးစဉ်အတွင်း တရုတ်သမ္မတ Xi Jingpingအပါအဝင် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ခြင်းအားဖြင့် ကမ္ဘာက အာရုံစိုက်ခံနေရတဲ့ ရခိုင်အရေး မြန်မာအစိုးရရဲ့ ရပ်တည်ချက် သဘောထားနဲ့ ကိုင်တွယ်ဖြေရှင်းနေတာတွေကို နိုင်ငံတကာနဲ့ ဒေသတွင်းက ခေါင်းဆောင်တွေကို တိုက်ရိုက်ဖြေရှင်းပြနိုင်မယ့် အခွင့်အလမ်းတခုအဖြစ်လည်း ဒေါက်တာလှကျော်ဇောက မြင်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ဒါကို အခွင့်ကောင်းလို့ သဘောထားပုံရတယ်။ သူ့အတွက် အခွင့်ကောင်းပေါ့ ။ သူ့စဉ်းစားနည်းတွေ သူဘာဖြစ်လို့ ရခိုင်အရေးမှာ ဒီလိုရပ်တည်ရတယ်ဆိုတာပေါ့။ အဓိကတော့ လူတော်တော်များများက စစ်တပ်ရဲ့ အလွန်အကျွံတွေလည်း တစုံတရာရှိနိုင်မယ်ထင်တယ်လေ ဒီလောက်လူတွေပြေးတာ ဟုတ်တယ်မလား။ အဲဒီလောက်လူတွေ ပြေးတာအပေါ်မှာ ဘာလို့ ဒေါ်အောင်ဆန်းစုကြည်က ဝင်မပြောသလဲဆိုတဲ့အောက်မှာ သူက ဒါတွေကို ရှင်းပြရမယ့် ဝတ်တရားတွေတော့ရှိတယ်။ ဆိုတော့ ဒီလိုဟာမျိုးက သူ့အတွက်အခွင့်ကောင်းပဲ ၊ ဒီလိုလူတွေစုံတဲ့အခါ Forum တွေဘာတွေမှာ အဲဒီမှာ သူက ရှင်းပြခွင့်ရမှာပေါ့ သူ့ပါတီ ပေါ်လစီတွေ၊ စဉ်းစားနည်းတွေ ၊ ရခိုင်နဲ့ ပတ်သက်လို့ သူ့ပေါ်လစီတွေ ရှင်းပြလိမ့်မယ်တူပါတယ်။”

တရုတ်-မြန်မာရင်းနှီးမှုဆက်ဆံရေးတွေ တိုးမြင့်လာတဲ့အနေအထား အပေါ်မှာတော့ အင်အားကြီးနိုင်ငံတခုရဲ့ မြန်မာနိုင်ငံအပေါ် ရပ်တည်ပေးမှုအပေါ် အကောင်းမြင်မျှော်လင့်ပေမဲ့ စီးပွားရေးဆိုင်ရာ ဆက်စပ် စီမံကိန်းတွေ အရေးမှာတော့ NLD အစိုးရအနေနဲ့ သတိထားကိုင်တွယ် သင့်တယ်လို့ မြန်မာ့နိုင်ငံရေး အကဲခတ် ဦးမောင်မောင်စိုးကတော့ရှု့မြင်ပါတယ်။

“လက်တလောအခြေအနေအရပြောမယ်ဆိုရင် ကျနော်တို့ ၈ လပိုင်းမှာ ပြဿနာတွေ ဖြစ်ပြီးတဲ့အခါကျတော့ မြန်မာအစိုးရရော၊ တပ်ရောနဲ့က တရုတ်ဘက်ကို ပိုကပ်သွားမှာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာအခြေအနေကတော့ အဲဒီဘက်ကိုရောက်အောင်တွန်းပေးနေသလိုဖြစ်တာကို။ နိုင်ငံတကာနဲ့ ရင်ဆိုင်တဲ့နေရာမှာတော့ အင်အားကြီးနိုင်ငံတခုရဲ့ထောက်ခံမှုက လိုအပ်တာကို ။ လိုအပ်တဲ့အနေအထားမျိုးမှာက တရုတ်နဲ့ မြန်မာဆက်ဆံရေးကတော့ ပိုပြီးတော့ တိုးကပ်သွားတယ်လို့ ပြောရမှာပါ။ တရုတ်ကတော့ စီးပွားရေးရင်းနှီးမြှပ်နှံမှုအပေါ်မှာ အခြေခံပြီးတော့ သူကတော့ ချဉ်းကပ်တာဖြစ်တာကို။ သူ့စီးပွားရေးရင်းနှီးမြှပ်နှံမှုတွေကနေပြီးတော့ ကျနော်တို့ မြန်မာပြည်အတွက် ဘယ်လောက်အကျိုးရှိအောင်လုပ်မလဲဆိုတာကတော့ ကျနော်တို့အစိုးရခေါင်းဆောင်တွေနဲ့ သက်ဆိုင်မယ်လို့ ထင်ပါတယ်။ ကျနော်တို့တိုင်းပြည်အကျပ်အတည်းကြုံနေတဲ့အချိန်မှာ ဒီအားကိုးအားထားပြုရမယ့် မဟာမိတ်နိုင်ငံကိုရှာတာကတော့ ရှောင်လွှဲလို့ ရတဲ့ကိစ္စမဟုတ်ဘူးလို့ ထင်ပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တရုတ်ကိုသွားခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရဲ့ တရုတ်ခရီးစဉ် အဆုံးသတ်ချိန်နဲ့ မရှေးမနှောင်းမှာပဲ အလုပ်သဘောချစ်ကြည်ရေးခရီးအဖြစ်ပါ သွားရောက်တာဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဟာသွားရောက်တာဖြစ်ပါတယ်။ ဒီသီတင်းပတ်တွေအတွင်း မြန်မာခေါင်းဆောင်တွေဘက်က တရုတ်နိုင်ငံဘက်ကို ခပ်စိတ်စိတ် ခရီးစဉ်တွေဟာ အထူးသဖြင့် ရခိုင်ပြည်နယ်က အကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် နှစ်ပေါင်းများစွာ မြန်မာအစိုးရအဆက်ဆက်နဲ့ နီးစပ်ခဲ့တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးတွေ တိုးမြှင့်လာတဲ့ ခြေလှမ်းတွေအဖြစ် အကဲခတ်တွေက ယူဆကြပါတယ်။

XS
SM
MD
LG