သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အောက်စ်ဖို့ဒ်မြို့ဆု ပြန်လည်ရုပ်သိမ်း


Freedom of Oxford ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံစဉ်
Freedom of Oxford ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံစဉ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ Freedom of Oxford ဆုကို မြို့ကောင်စီက ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။ မနေ့ တနလာၤနေ့က Oxford မြို့ ကောင်စီက အထူးအစည်းအဝေးလုပ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆုကို ရုပ်သိမ်းကြောင်း ကြေညာခဲ့တာပါ။

မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေရဲ့ အတိဒုက္ခကို ဒေါ်အောင်ဆန်းစုကြည်ဘက်က ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်တယ်လို့ မြို့ ကောင်စီဝင်တွေက စွပ်စွဲတာပါ။ ဗြိတိန်နိုင်ငံ Oxford မြို့က ချီးမြှင့်ခဲ့တဲ့ Freedom of Oxford ဂုဏ်ထူးဆောင်ဆုကို ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံ ရယူခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၇ ခုနှစ်မှာ Freedom of City ဆု ချီးမြှင့်ရတာကမြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးနဲ့ ဖိနှိပ်မှုတွေကို သူမ အနေနဲ့ တွန်းလှန်ခဲ့တဲ့ အတွက် ဖြစ်ကြောင်း မနေ့ တနလာၤနေ့ ကောင်စီ အထူးအစည်းအဝေး အပြီး ကြေညာချက်မှာ ကောင်စီဝင် Mary Clarkson က ပြောဆိုထားပါတယ်။

ဒီကနေ့ သူမကို ချီးမြှင့်ထားတဲ့ မြို့ရဲ့ အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုကို ရုပ်သိမ်းရတာက လူနည်းစု ရိုဟင်ဂျာတွေ ဖိနှိပ်ခံရမှု အပေါ် အရေးယူလုပ်ဆောင်ဖို့ ပျက်ကွက်မှုကြောင့် ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တဲ့ Oxford တက္ကသိုလ် St Hugh’s Collage မှာ ချိတ်ဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်းချီကားကိုလည်း ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG