သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် ဒေသတွင်းနိုင်ငံတွေနဲ့ တရုတ် ဆက်ဆံရေးတိုးလာနိုင်ဟု အကဲခတ်တွေ သုံးသပ်


တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ ဒုတိယနေ့ (ဒီဇင်ဘာ ၂၊ ၂၀၁၇)
တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ ဒုတိယနေ့ (ဒီဇင်ဘာ ၂၊ ၂၀၁၇)

တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ လက်ရှိကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ ဒုတိယနေ့မှာတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေတ်သစ် မဟာဗျူဟာနဲ့ပတ်သက်လို့ တရုတ်ဘက်ကတင်ပြသလို နိုင်ငံစုံကလည်း အကြောင်းအရာကဏ္ဍအလိုက် အုပ်စုတွေခွဲပြီး ဆွေးနွေးကြမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဘေကျင်းမြို့တော်မှာ လက်ရှိကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ ဒုတိယနေ့မှာတော့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေတ်သစ် မဟာဗျူဟာနဲ့ပတ်သက်လို့ တရုတ်ဘက်ကတင်ပြသလို နိုင်ငံစုံကလည်း အကြောင်းအရာကဏ္ဍအလိုက် အုပ်စုတွေခွဲပြီး ဆွေးနွေးကြမှာဖြစ်ပါတယ်။ တနင်္ဂနွေနေ့အထိ ကျင်းပသွားမယ့် နိုင်ငံစုံက ပါတီထိပ်သီးခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်တက်ရောက်နေတာဖြစ်တဲ့အတွက် တရုတ်နိုင်ငံနဲ့-မြန်မာနိုင်ငံကြား နောက် ဒေသတွင်းကြား ထိတွေ့ဆက်ဆံရေး တိုးမြင့်လာနိုင်တဲ့ အလားအလာတွေနဲ့ပတ်သက်လို့ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပနေတဲ့ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံစုံက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့်ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲ ဒုတိယနေ့ ဖြစ်တဲ့ ဒီကနေ့မှာတော့ တရုတ်ကွန်မြူနစ်ပါတီ (၁၉)ကြိမ်မြောက် ကွန်ကရက်မှာ ပြဋ္ဌာန်းလိုက်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေတ်သစ် မဟာဗျူဟာမူဝါဒနဲ့ပတ်သက်လို့ အဓိကရှင်းပြတယ်လို့ သိရပါတယ်။ အဲ့ဒီ့နောက်မှာတော့ တက်ရောက်လာတဲ့နိုင်ငံပေါင်း ၁၂၀ကျော်က နိုင်ငံရေးပါတီပေါင်း ၂၀၀ကျော်ကလည်း ကဏ္ဍအလိုက်အုပ်စုခွဲပြီး ဆွေးနွေးကြမှာဖြစ်တယ်လို့ တရုတ်နိုင်ငံအခြေစိုက် တရုတ်အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက အစည်းအဝေးနဲ့ပတ်သက်လို့ အခုလိုရှင်းပြပါတယ်။

“တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဌာနက ဌာနမှူး Song Tao က ၁၉ ကြိမ်မြောက် ကွန်ဂရက်မှာ ပြဋ္ဌာန်းလိုက်တဲ့ တရုတ် ထူးခြားချက်နဲ့ ကိုက်ညီတဲ့ ဆိုရှယ်လစ်စနစ်ရဲ့ ခေတ်သစ်ကာလဆိုတဲ့ဟာကို ပြောပြတာပေါ့။ ဒီမနက်က လက်ချာ lecture ပဲ။ ပြီးတဲ့နောက် အဲဒီ သူတို့ အဖွဲ့ ၆ ဖွဲ့လား မသိဘူး ခွဲတယ် ပြောတယ်။ ခွဲပြီးတော့မှ discussion တွေ လုပ်ကြတယ်။ ကြည့်ရတာ ခေါင်းစဉ် ၆ ခု ခွဲသလား မပြောတတ်ဘူး။ မနက်ဖြန်ကြရင်တော့ အားလုံးတခါ ပြန်ဆုံပြီးတော့ သူတို့ communique ပေါ့ ထုတ်ပြန်ချက်ထုတ်မယ်လို့ ပြောတယ်။”

မနေ့ကဖွင့်ပွဲမှာတော့ မြန်မာနိုင်ငံက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အထူးဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံအပေါ် အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တရုတ်အစိုးရဘက်က အလေးထားတယ်ဆိုတာ ပြသတဲ့သဘောဖြစ်သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားတက်တာကလည်း တရုတ်အစိုးရရဲ့ မူဝါဒပေါ်လစီနဲ့ပတ်သက်လို့ အလေးထားတယ်ဆိုတာ ပြသတဲ့သဘောဖြစ်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကပြောပါတယ်။

“တရုတ်ပြည်က ဖိတ်ကြားတဲ့ဟာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားပြီးတော့ တက်ပြတာကိုက ဗမာပြည်ဘက်က တော်တော်အလေးထားတဲ့ဟာကို ဖော်ပြတဲ့အတွက် တရုတ်ဘက်ကလည်း သဘောကျလိမ့်မယ်လို့ ထင်တယ်။ တရုတ်ပြည်က တမင်တကာ ဒေါ်စုကို အလေးထားပြီး ဖိတ်တာပါ။ အဓိပ္ပာယ်ကတော့ ဗမာပြည် ဒီနေ့ အခြေအနေကို သူတို့သိတယ်။ ဗမာအစိုးရ ဒီနေ့တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို သူတို့သိတယ်။ အဲဒီတော့ အဲဒါတွေအတွက် သူတို့ဖက်က ကူဖို့ အသင့်ပဲ ဆိုတာကို ဖော်ပြတာလို့ပဲ ကျနော်က ဒီလို ယူဆပါတယ်။ သူတို့ ဗမာပြည်ဘက်ကို သူတို့ အလေးထားမှုကို ဖော်ပြတာလို့ပဲ အောက်မေ့ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ မနေ့က သီးသန့်တွေ့ဆုံရာမှာလည်း CPC နဲ့ NLD အာဏာရပါတီ အချင်းချင်း မဟာဗျူဟာမြောက် ဆက်ဆံရေးခိုင်မာအားကောင်းစေဖို့ သူ့အနေနဲ့ မျှော်လင့်တယ်ဆိုတာ တရုတ်သမ္မတက ပြောဆိုခဲ့တာပါ။ အခုလို ပါတီတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေကို ဖိတ်ခေါ်ဆွေးနွေးခြင်းအားဖြင့် တရုတ်အစိုးရအနေနဲ့ ဒေသတွင်း နိုင်ငံရေးပါတီတွေအချင်းချင်း ဆက်ဆံရေးကောင်းမွန်လာအောင် တည်ဆောက် လာတာကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေတ်သစ်မူဝါဒဖြစ်တယ်လို့လည်း ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“ Xi Jinping ပြောတဲ့ မိန့်ခွန်းထဲမှာ ပါတာဆိုရင်တော့ အခုသူတို့ နိုင်ငံပေါင်း ၁၄၀ ကျော်က ပါတီပေါင်း ၄၀၀ နဲ့ ဆက်ဆံပြီးပြီတဲ့ ပါတီချင်း ပါတီချင်း ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ပေါ့နော်။ နောက် အဲဒီပါတီချင်း ပါတီချင်း ဆက်ဆံတဲ့ ဒီလို forum မျိုးကိုလည်း institutionalize ပေါ့နော် အဆောက်အအုံတခု ဖြစ်အောင် သူတို့လုပ်ဆောင်မယ်လို့ အဲဒီလို ပြောသွားတယ်။”

လတ်တလော အခြေအနေမှာတော့ နိုင်ငံတကာ အာရုံစိုက်ခံနေရတဲ့ ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ ဖိအားပေးမှုတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအပေါ် အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံက ကြားဝင်ဖြေရှင်းပေးမှုတွေနဲ့ ရပ်တည်ပေးခဲ့တာကြောင့်အပြင် စီးပွားရေး ပတ်သက်ဆက်နွယ်မှု ပထဝီနိုင်ငံရေး ဆက်စပ်မှုတွေအရလည်း မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းဘက်က တရုတ်အစိုးရဘက်ကို ပိုထိတွေ့မှုတွေ လုပ်ဆောင်လာတဲ့ အနေအထားမျိုးတွေ တွေ့ရတယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက ရှု့မြင်ပါတယ်။

“တရုတ်နဲ့ ဗမာပြည်နဲ့ ဆက်ဆံရေး၊ တရုတ်အစိုးရနဲ့ ဗမာအစိုးရ ဆက်ဆံရေး ဒီကာလအတွင်းတော့ ဆက်ဆံရေး ပိုရင်းရင်းနှီးနှီးရှိလာမယ်။ တရုတ်ကလည်း ဗမာပြည်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို အလေးထားလာမယ်။ အဲဒီလို တွက်ရင်တော့ ရလိမ့်မယ်လို့ ထင်ပါတယ်။ တရုတ်ပြည်ကလည်း ဗမာပြည်ဆီက သူလိုချင်တဲ့ဟာလေးတွေရှိပါတယ်။ ဒါ တည့်တည့်ပြောတာ။ အဲဒီတော့ ဗမာပြည်ကလည်း တရုတ်ကို ပေးနိုင်တာလေးတွေ ရှိပါတယ်။ ဗမာဘက်ကလည်း တရုတ်ဖဲချပ်နဲ့ ကစားလို့ ရတာလေးတွေ ရှိသလို ကျနော်ထင်တာကတော့ မြစ်ဆုံ ဖဲချပ်နဲ့များ ကစားနေသလားလို့။ အဲဒါဆိုရင်တော့ သိပ်ပြီးတော့ ကျနော်တို့ တိုင်းပြည်အတွက်ကတော့ ပြည်သူလူထုဆန္ဒနဲ့တော့ သိပ်ပြီးတော့ ကိုက်ချင်မှ ကိုက်လိမ့်မယ် ထင်တယ်။ နိုင်ငံရေးစားပွဲခုံဆိုတာက အကုန်လုံး ကစားကြတာပဲ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း တရုတ်ပြည်ကို သွားပြီး ကိုယ့်ဘက်ကလည်း အဲ့ဒီ့ ကိုင်စရာလေး တခု လုပ်ထားမယ်လို့လည်း ထင်တယ်။ ကျနော်တို့ စောင့်ကြည့်စရာတွေ အများကြီးရှိသေးတယ်လို့ပဲ ပြောကြရအောင်ပါ။ ဒါပေမယ့် ဒီပွဲမှာတော့ ဗမာစစ်တပ်ဘက်က အကြီးအကျယ် အကျပ်အတည်းတွေ တွေ့နေတဲ့အခါမှာ ဒီကောက်ရိုးတမျှင် လှမ်းဆွဲလိုက်တယ်လို့ပဲ ကျနော်ထင်တယ်။ ဒီနေ့လို နိုင်ငံတကာအခြေအနေမျိုးမှာ အင်အားကြီးတွေ အားချင်းပြိုင်နေတဲ့ အခြေအနေမျိုးဟာ တဘက်ဘက်ကို အသေကပ်လိုက်မယ်ဆိုတဲ့မျိုးဟာမျိုး မဟုတ်ဘူးဆိုတာ သူတို့ ကောင်းကောင်း သိလိမ့်မယ်လို့ ထင်တယ်။ ”

ဆွေးနွေးပွဲရဲ့ အဓိက ဦးတည်ချက်ဖြစ်တဲ့ "ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကမ္ဘာကြီးအတွက် အတူတကွ ရှေ့ရှုဆောင်ရွက်ကြမယ်"ဆိုတဲ့ ရည်ရွယ်ချက်အတိုင်း တရုတ်-မြန်မာအပါအဝင် နိုင်ငံတကာ-ဒေသတွင်းကြား ကူးလူးဆက်နွယ်မှုနဲ့ ဆက်ဆံရေး တိုးမြင့်ကောင်းမွန်လာမယ့် အလားအလာကောင်းတွေ ပေါ်ထွန်းလာမယ်ဆိုတဲ့ မျှော်လင့်မှုတွေရှိပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ နိုင်ငံတကာက နိုင်ငံရေးပါတီတွေရဲ့ အဆင့်မြင့် ထိပ်သီး ခေါင်းဆောင်များ ဆွေးနွေးမှုတွေ ပြီးဆုံးတဲ့နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ တနင်္ဂနွေနေ့မှာတော့ ဆွေးနွေးပွဲတက်ရောက်လာတဲ့ နိုင်ငံစုံက ပါတီစုံရဲ့ ပူးတွဲကြေညာချက်တရပ် ထုတ်ပြန်ဖို့ရှိပါတယ်။

XS
SM
MD
LG