သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံ တရုတ်ခရီးစဉ် မြန်မာ့အရေးသုံးသပ်သူတချို့အမြင်


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံကို ဒီနေ့သွားဖို့ ရှိနေပါတယ်။ ဧပြီ ၂၅ ရက်ကနေ ၂၇ ရက်အထိ တရုတ်နိုင်ငံမှာ ကျင်းပမဲ့ BRI လို့ အတိုခေါက်ခေါ်တဲ့ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်း ဒုတိယအကြိမ် ညီလာခံကို တက်ရောက်ဖို့ သွားမှာဖြစ်ပြီး၊ အပြန်မှာ ကမ္ဘောဒီးယားနိုင်ငံကိုလည်း ဝင်ဖို့ရှိပါတယ်။ ဒီ တရုတ်ခရီးစဉ်ရဲ့ ထူးခြားမူနဲ့ ပတ်သက်ပြီး မြန်မာအရေး အကဲခတ် တချို.ရဲ့ အမြင်ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခု တရုတ်ပြည်ခရီးစဉ်က အရေးပါသလို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားခဲ့တဲ့ ခရီးစဉ်နောက်ပိုင်း ဖြစ်တာကြောင့် ညှိနှိုင်းရမှုတွေ ပိုများနိုင်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ David Steinberg က သုံးသပ်ပြပါတယ်။

“ ကျွန်တော်ထင်ပါတယ် ဒေါ်အောင်ဆန်းစုကြည် အခုတရုတ်ကိုသွားတာကိုက တရုတ်နဲ့ ဆက်ဆံရေး ဆက်ကောင်းနေတာကို ပြတဲ့အတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ခက်ခက်ခဲခဲဖြေရှင်းရမယ့် တောင်းဆိုချက်တွေကြားမှာ ညပ်နေတဲ့ သဘောရှိပါတယ်။ တပ်မတော်ဘက်က တောင်းဆိုထားတာတွေရှိမယ်။ တရုတ်နဲ့ ဆက်ဆံရေး ဆက်ကောင်းစေချင်တဲ့ တောင်းဆိုချက်ရှိမယ်။ နောက် တရုတ်ရဲ့ မြစ်ဆုံစီမံကိန်းကို ဆန့်ကျင်နေတဲ့ လူမူအဖွဲ့အစည်းတွေရှိတယ်။ ဒီတောင်းဆိုချက်အားလုံးကို ဖြေရှင်းပေးချင်စိတ် ရှိမရှိကတော့ တပိုင်းပေါ့နော်။”

ဒါ့အပြင် ပါမောက္ခ David Steinberg ကပဲ အရင် လက်ပတောင်းတောင်ကြေးနီစီမံကိန်းတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်သူတွေ ဆန့်ကျင်တဲ့ကြားက တပ်မတော်စိတ်မဆိုးအောင် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာကြောင့် အခုလည်း အလားတူ ခက်ခဲနိုင်တယ်လို့ ပြောပြပါတယ်။ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း ညီလာခံမှာ တခြားနိုင်ငံတွေလည်း ပါတာဖြစ်ပေမယ့် တရုတ်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ပြီး စီးပွားရေး စင်္ကြန်လမ်းကိစ္စ ဆွေးနွေးနိုင်တယ်လို့မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp က ထောက်ပြပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစည်းဝေးပြင်ပမှ သမ္မတ Xi Jinping နဲ့ တွေ့ဖို့ရှိမှာပါ။ အဲ့ဒီမှာ တရုတ်မြန်မာစီးပွားရေးစင်္ကြန်လမ်းကိစ္စ ပါလာနိုင်ပါတယ်။ ဘယ်လိုဆက်ဖြစ်မလဲ ဆိုတောတော့ စောင့်ကြည့်ရမှာပေါ့နော်။ ဒါပေမဲ့ ဒီလမ်းကိစ္စ စပြီး ရှေ့ဆက်လုပ်ဖို့ တရုတ်ဖက်က တိုက်တွန်းမှာပါ။ ဒါပေမဲ့ မြန်မာအစိုးရဖက်ကတော့ ဘယ်လိုတုံ့ပြန်မလဲ မသိသေးပါဘူး။”

Priscilla Clapp က ဆက်ပြီး မြန်မာအစိုးရဘက်ကတော့ အခုလို တရုတ်ရဲ့ စီမံကိန်းကြီးတွေကို နောက်တွန့်နေတဲ့သဘောရှိတယ်လို့ အခုလို ဆက်သုံးသပ်ပြပါတယ်။

“နေပြည်တော်က မြန်မာအစိုးရအနေနဲ့တော့ တရုတ်ရဲ့ ဒီကြီးမားတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အထူးကို သတိထားပြီး ရှေ့ဆက်ဖို့ စဉ်စားမှာပါ။ ဘာလို့လဲဆိုတော့ တရုတ်က ကမ်းလှမ်းတဲ့ ငွေချေးတဲ့ပုံစံမျိုးကို မယူချင်လို့ပါ။”

ဒ့ါအပြင် အခုခရီးစဉ်မတိုင်ခင်လေးမှာ မြန်မာနိုင်ငံအတွင်း မြစ်ဆုံစီမံကိန်းဆန့်ကျင်မှုတွေ ဖြစ်နေတာမို့ ဒီခရီးစဉ်မှာ ဘာထူးလာနိုင်သလဲလို့ မေးရာမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံမှူးဟောင်း Priscilla Clapp က

“ကွန်မထင်ပါတယ်။ တရုတ်ဖက်ကတော့ မြစ်ဆုံကို ပြန်လုပ်ဖို့ ဆက်တွန်းမှာ သေချာပါတယ်။ ဒါပေမဲ့ မြန်မာဖက်ကတော့ ခုလို ပြန်လုပ်ပေးဖို့ အနေအထား မတွေ့ရသေးပါဘူး။”

ဒါပေမယ့် ပါမောက္ခ David Steinberg က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခက်ခက်ခဲခဲ ညှိနှိုင်းရာမှာ ဖြစ်နိုင်ခြေရှိတာတွေကို အခုလိုရှင်းပြပါတယ်။

“မြန်မာပြည်ဖက်ကနေ လျှပ်စစ်အားပိုရအောင်၊ မြန်မြန်ရအောင် ညှိတာမျိုး၊ နောက် ဒီ ဆည်ကြီးကို အရွယ်အစားလျော့ဖို့ ညှိတာမျိုး၊ အဓိက ကတော့ ဒီ ဆည်ရဲ့ဆိုးကျိုးဖြစ်လာနိုင်တာတွေကို လျော့ချနိုင်မဲ့ နည်းလမ်းအားလုံးနဲ့ အပေးအယူလုပ်ညှိတာမျိုးပေါ့နော်။ ဒါပေမဲ့ ဘယ်လိုဆည်ပဲဖြစ်ဖြစ် အတင်း ဆက်လုပ်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၂၀ ရွေးကောက်ပွဲ မှာ အထိနာစေနိုင်ပါတယ်။”

ပါမောက္ခ David Steinberg က ဆက်ပြီး အခုအချိန်ဟာ တရုတ်နိုင်ငံရဲ့ မြန်မာအပေါ် သြဇာပိုကြီးလာတာမို့ မြန်မာအစိုးရအတွက် ညှိနှိုင်းရတာ အခက်အခဲပိုကြုံနိုင်တယ်လို့ ထောက်ပြပါတယ်။

“ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာပြဿနာဖြစ်လာပြီးထဲက တရုတ်ဖက်က မြန်မာအစိုးရကို ထောက်ခံ ကာကွယ်ပေးတယ်၊ အမေရိကန်နဲ့ အနောက်နိုင်ငံအစိုးရတွေကတော့ အကာအကွယ်မပေးပဲ ဖိအားပေးလာတယ်၊ အဲ့တော့ တရုတ်သြဇာက မြန်မာနိုင်ငံမှာ အရင်နှစ်တွေထက် အများကြီး ပိုကြီးလာတာပေါ့။ ဒီ ကြီးမာလာတဲ့ တရုတ် သြဇာနဲ့ အတင်းတောင်းဆိုလာနိုင်တာတွေက ဘယ်မြန်မာအစိုးရအတွက်မဆို ပြဿနာရှိပါတယ်။”

ဒါပေမယ့် တရုတ်အစိုးရအနေနဲ့လည်းအရင် တရုတ်-မြန်မာ အဓိကရုဏ်း ဖြစ်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံမှာ အခု လူမျိုးရေး၊ အမျိုးသားရေးကိစ္စတွေ ခေါင်းထောင်လာတာကို နားလည်ပြီး မြန်မာလူထု အများစု မကြိုက်တာကို အတင်းဇွတ်မလုပ်သင့်ဘူးလို့ ဆက်ထောက်ပြပါတယ်။

“ တရုတ်အစိုးရအနေနဲ့ ခုလို လူမျိုးရေး အမျိုးသားရေးဝါဒတွေ ခေါင်းထောင်လာတာကို နားလည်ပြီး၊ လျော့ချနိုင်အောင် လုပ်ဖို့ လိုပါလိမ့်မယ်။ အရမ်းနောက်မကျသေးခင် မှာပေါ့နော်။ မြန်မာပြည်က တရုတ်တွေကတော့ ဒီပြဿနာကို လုံးဝ သတိပြုမိကြပါလိမ့်မယ်။ ဒါပေမဲ့ ပေဂျင်းက အစိုးရ သတိပြုမိ မမိကတော့ နောက်တပိုင်းပေါ့နော်။”

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုတရုတ်ခရီးစဉ်မှာ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးဖို့ရှိတယ်လို့လည်း သုံးသပ်သူတွေက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG