သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နဲ့ နယူးယောက်ကမြန်မာတွေ တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည် နဲ့ နယူးယောက်ကမြန်မာတွေ တွေ့ဆုံ၊ စက်တင်ဘာ ၁၇၊ ၂၀၁၆
ဒေါ်အောင်ဆန်းစုကြည် နဲ့ နယူးယောက်ကမြန်မာတွေ တွေ့ဆုံ၊ စက်တင်ဘာ ၁၇၊ ၂၀၁၆

အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးယောက်မြို့ကိုရောက်ရှိနေပြီး အဲဒီမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်း နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံစဉ်အတွင်း ပြည်ပမှာနေထိုင်နေကြတဲ့ မြန်မာတွေ အနေနဲ့ ကိုယ့်နိုင်ငံတိုးတက်ဖို့အတွက် အကူအညီပေးကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပြီး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်တွေအပါအဝင် ရခိုင်ပြည်နယ်ကော်မရှင်ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့ပါတယ်။

ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုလို့ရှိရင် ၊ ကျမကတော့ ပွင့်ပွင့်လင်းလင်းပြောချင်တယ်။ ကျမတို့ ကိုဖီအာနန်ကော်မရှင်ကို ဆန့်ကျင်နေတဲ့ဟာက လူမျိုးရေး၊ ဘာသာရေးတောင်မဟုတ်ဘဲ နိုင်ငံရေးရည်ရွယ်ချက်တွေ ပါနေတယ်လို့ ကျမတို့မြင်ပါတယ်။ အဲဒါ အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ်။ ကိုယ့်ရဲ့ နိုင်ငံရေးအဖွဲ့တွေရဲ့ အကျိုးကိုကြည့်ပြီးတော့ ကျမတို့တနိုင်ငံလုံးအတွက်လုပ်နေတဲ့ကိစ္စ တခုကို မအောင်မြင်စေချင်တဲ့ စေတနာတွေထားတယ်ဆိုတာတော့ မဖြစ်သင့်ပါဘူး။ အဲဒါကြောင့်မို့လို့ ကူညီတယ်ဆိုတာဟာ ကိုယ့်အချင်းချင်းလည်း နားလည်အောင်ပြောပါ။ ဒီလိုကော်မရှင်ဖွဲ့ခြင်းဟာ ကျမတို့အတွက် ဘာမှ ဆုတ်ယုတ်မှုမရှိဘူး။”

ဒါ့အပြင် မြန်မာနိုင်ငံတွင်းမှာ လူနည်းစုတိုင်းရင်းသားတွေဘက်က အထင်မြင်လွဲမှားမှုတချို့ရှိနေတဲ့အတွက် တိုင်းရင်းသားလူမျိုးစုတွေထဲမှာ မြန်မာလူမျိုးဟာလည်း တိုင်းရင်းသားတခုဖြစ်တယ်ဆိုတာကို နားလည်ပေးစေလိုပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ကျမတို့နိုင်ငံမှာ တကယ်ပဲ အမျိုးသားရင်ကြားစေ့ရေးဖြစ်ရမယ်။ ဖြစ်နိုင်ရမယ်။ နောက်ပြီးတော့ ငြိမ်းချမ်းရေးရဖို့ဆိုလိုရှိလျှင် ၊ ကျမတို့တိုင်းရင်းသားအားလုံး၊ ကျမ ခဏ၊ ခဏ သတိပေးရတယ်၊ ဗမာတွေကလည်း တိုင်းရင်းသားတစုပါ။ ခက်နေတာက ဗမာတွေက အများစုဖြစ်နေတော့ ဘယ်သူကမှမကျေနပ်ကြဘူး။ အဲဒီအခါကျတော့ ဗမာတွေကလည်း သိပ်ချစ်စရာမကောင်းဘူး ကျမကိုယ်တိုင်ကလည်း ဗမာဆိုတော့ အဲဒီလိုပြောလို့ရပါတယ်။ အဲဒီတော့ ကျမတို့တိုင်းရင်းသားတွေကလည်း နားလည်မှုတွေရှိရမယ်။ တခါတလေဆိုလို့ရှိလျှင်၊ လူနည်းစုတိုင်းရင်းသားတွေဖြစ်လို့ လူများစုတိုင်းရင်းသားတွေအပေါ်မှာ လုံးဝအမြင်မကြည်ဘူး။ ဘာလုပ်လုပ် မကြိုက်ချင်ဘူး။ ဒါကလည်း လူ့သဘာဝပါ။ ကျမတို့ ဗမာတိုင်းရင်းသားတွေလည်း နည်းနည်းအနိုင်ကျင့်ခဲ့တာကြာပြီနဲ့ တူတယ်။ ဗိုလ်ကျတယ်၊ အနိုင်ကျင့်တယ်။ ဆိုတော့ ကျမတို့ကို မြင်တဲ့အခါမှာ သံသယနဲ့မြင်ကြပါတယ်။ ဒါပေမဲ့ ကျမက အမှန်အတိုင်းပြောတာပါ။ ကိုယ့်ကိုယ်ကို အမွှမ်းတင်ပြီး ပြောတာ မဟုတ်ပါဘူး။ ကျမတို့ မိသားစုထဲမှာ တခါမှ တိုင်းရင်းသာတွေကို ခွဲခြားဆက်ဆံဖို့၊ အဲဒီလို ပြုစုပျိုးထောင်ခဲ့တာမရှိတော့ ကျမတို့ လုံးဝနားမလည်ခဲ့ဘူး။ ကျမတို့နည်းနည်းကြီးလာမှ၊ ဒီလိုတိုင်းရင်းသားတွေကို ခွဲခြားမြင်ပါသလားဆိုတာ ကျမတို့ သဘောပေါက်လာတယ်။ မေမေက အမြဲပဲ ကျမတို့ကို သင်ခဲ့တာက တိုင်းရင်းသားတွေဟာ ဖေဖေအပေါ်မှာအင်မတန်သစ္စာရှိတယ်။ ဖေဖေမရှိတဲ့နောက်ပိုင်းမှာ ကျမတို့မိသားစုကို ပုံစံမပျက်စောင့်ရှောက်ခဲ့တာ တိုင်းရင်းသားတွေပဲဖြစ်တယ်လို့ အမြဲပဲ ကျမတို့ကို သင်ခဲ့ပါတယ်။ အဲဒီတော့ ကျမတို့အနေနဲ့တော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ဘာမှခွဲခြားချင်စိတ်မရှိဘူး။ ဒါပေမဲ့ ဝမ်းနည်းစွာနဲ့ ပြောရမယ်ဆိုရင်တော့ ကျမကြီးလာတာနဲ့ အမျှ၊ ဒါမျိုးတွေရှိတယ်ဆိုတာ ကျမမြင်လာပါတယ်။ မြင်လာတော့ အဲဒါတွေလည်း ကျမတို့ အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲဖို့ဟာကို ကျမတို့ ကြိုးစားပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ဟာ နယူးယောက်မြို့က မြန်မာအသိုင်းအဝိုင်း နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ ဘော်စတွန်မြို့ကို ဆက်လက်ခရီးထွက်ခွာမှာဖြစ်ပါတယ်။

ဘော်စတွန်မြို့မှာတော့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတခုဖြစ်တဲ့ ဟားဗတ်တက္ကသိုလ် ဟားဗတ်ဖောင်ဒေးရှင်းက ချီးမြှင့်မယ့် ၂၀၁၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာဆု - Harvard Humanitarian of the Year ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့ ကျရင်တော့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂ ဆွေးနွေးပွဲကိုတက်ရောက်မှာ ဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

နယူးယောက်မြို့က မြန်မာအသိုင်းအဝိုင်းနဲ့ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံတဲ့နေရာကို ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ကိုသားညွှန့်ဦးကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံကို အောက်ပါ လင့်ခ်မှာ နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG