သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆွီဒင် မြန်မာမိသားစုများနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့ဆုံ


ဆွီဒင် မြန်မာမိသားစုများနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့ဆုံ (ministry of foreign affairs myanmar)
ဆွီဒင် မြန်မာမိသားစုများနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တွေ့ဆုံ (ministry of foreign affairs myanmar)

ဆွီဒင်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆွီဒင်ရောက် မြန်မာနိုင်ငံဖွားတွေနဲ့လည်း မကြာသေးခင်က တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး အတွက် ဝိုင်းဝန်းပံ့ပိုးကြဖို့ တိုက်တွန်းသွားပါတယ်။

"တိုင်းရင်းသားများကနေပြီးတော့ အားလုံးစုပေါင်းပြီးတော့ ငါတို့မရမနေ ငြိမ်းချမ်းရေးရအောင်လုပ်မယ်ဆိုတဲ့ သံဓိဌာန်ချခဲ့မယ်ဆိုရင် ဒီငြိမ်းချမ်းရေးဟာ မြန်မြန်မရစရာ အကြောင်းမရှိပါဘူး။နောက်ဆုံးတော့ ဆန္ဒပါပဲ။"

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပနေချိန် တဖက်မှာလည်း လူနည်းစု တိုင်းရင်းသား ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေတာပါ။ မကြာသေးခင်ကဘဲ ကချင်ပြည်နယ်ဘက်က တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အရေအတွက်ကလည်း မနည်းလှပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် အချိန်ယူရမှာ ဖြစ်တယ်လို့ ပြောဆိုပြီး ပြည်သူတွေဘက်က လက်နက်ကိုင် တပ်ဖွဲ့တွေ ငြိမ်းချမ်းရေးကို ဦးတည်လာအောင် တွန်းအားပေးရမှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

"ကျမတို့နိုင်ငံမှာဆိုရင် ငြိမ်းချမ်းရေးရဖို့ဆိုတာဟာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်း တော်တော်များများနဲ့ ကျမတို့က ညှိနှိုင်းပြီးလုပ်နေရတာ။ တခြားနိုင်ငံတွေမှာဆိုရင် အများကြီးငြိမ်းချမ်းရေးရဖို့က အလွန်ဆုံး ၁ ဖွဲ့ ၂ ဖွဲ့လောက်နဲ့ ညှိရတယ်။ အဲဒီတော့ ဘယ်တော့အကောင်အထည်ဖော်မှာလည်းဆိုတာ ကျမတို့သေချာမပြောနိုင်ဘူး။ ကျမကတော့ အမြန်ဆုံးအကောင်အထည်ဖော်ချင်တာပေါ့ အဲဒီလို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ဆိုတာဟာ ပြည်သူပြည်သားတွေက အားလုံးဝိုင်းပြီးကူညီရမယ်။ အားလုံးငြိမ်းချမ်းရေးဘက်ကို တွန်းပို့ရမယ်။ ဒီငြိမ်းချမ်းရေးဘက်မှာ ပါဝင်နေတဲ့ အစုအဖွဲ့တွေကို ငြိမ်းချမ်းရေးဘက်ကို တွန်းပို့ရမယ်။"

ဆွီဒင်နိုင်ငံကို ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဆွီဒင် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီးတို့နဲ့လည်း ဒီကနေ့ တွေ့ဆုံပြီး မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အကူအညီ လိုအပ်ချက်တွေ အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG