သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကုလစုံစမ်းမှုကြောင့် ရန်လိုမုန်းတီးတွေ ပိုတိုးလာနိုင်ဟု ဒေါ်စုပြောဆို


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွီဒင် ဝန်ကြီးချုပ် စတီဖင်န် လူဗီယန် (Stefan Löfven)
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွီဒင် ဝန်ကြီးချုပ် စတီဖင်န် လူဗီယန် (Stefan Löfven)

ဆွီဒင်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဆွီဒင် ဝန်ကြီးချုပ် စတီဖင်န် လူဗီယန် (Stefan Löfven) ၊ နိုင်ငံခြားရေးဝန်ကြီး မားရ်ဂေါ့တ် ဗောလ်စတန် (Margot Wallström) တို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အကူအညီ လိုအပ်ချက်တွေ အကြောင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။ မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

ဆွီဒင်နိုင်ငံကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင် ဝန်ကြီးချုပ် စတီဖင်န် လူဗီယန် (Stefan Löfven) နဲ့ ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံပြီး နှစ်နိုင်ငံ အရေးကိစ္စတွေ ကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအကြောင်း ဆွေးနွေးခဲ့သလို၊ ရခိုင်ပဋိပက္ခနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့တဲ့အကြောင်း ဒီတွေ့ဆုံမှုအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဆွီဒင်ဝန်ကြီးချုပ် လူဗီယန်က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ကျန်နေတဲ့ စိန်ခေါ်အကဲစမ်းချက်တွေအကြောင်း ဆွေးနွေးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်လို့ ကျနော်ရဲ့ စိုးရိမ်ချက်ကိုလည်း ပြောဖြစ်ပါတယ်။ ပဋိပက္ခရဲ့ အဓိကအကြောင်းရင်းကို ဖြေရှင်းဖို့ဆိုတာ ကျနော်တို့ ဆွေးနွေးဖြစ်ပါတယ်။ အမုန်းစကား ပြောဆိုတာတွေကို ရပ်တန့်စေဖို့ ဘာသာပေါင်းစုံချစ်ကြည်ရေးအစီအစဉ်တွေလိုအပ်တာကို ပြောဖြစ်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ တာဝန်ခံမှု တာဝန်ယူမှုအပိုင်းကိုလည်း ဆွေးနွေးဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အစိုးရရဲ့ကြိုးပမ်းမှုတွေအကြောင်း ပြောဆိုသွား သလို၊ မြန်မာနိုင်ငံ ဆင်းရဲမွဲတေရတဲ့ အကြောင်းရင်းတွေဟာ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍ အားနည်းမှုတွေကြောင့် ဖြစ်တယ်လို့ ပြောဆိုသွား ပါတယ်။

“တချိန်က အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံတခု ဖြစ်ခဲ့တဲ့ ကျမတို့ မြန်မာနိုင်ငံဟာ အခုဆိုရင် ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံတခု ဖြစ်နေပါတယ်။ အခုလို ဆင်းရဲ ရတာဟာ ကျမတို့ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေကို နှစ်ပေါင်းများစွာ ဆိုးဆိုးရွားရွား လစ်လျူရှုခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ရေရှည်တည်တံ့တဲ့ ဖွံဖြိုးတိုးတက်မှုတွေ ရှိဖို့ဆိုရင် ပညာရေးနဲ့ ကျန်းမာရေးအပိုင်းတွေမှာ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့လိုပါတယ်။ ဒါဟာ ကျမတို့ လက်ရှိ ကြိုးပမ်းနေတဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်။”

ရခိုင်ပဋိပက္ခနဲ့ပတ်သက်လို့တော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဆုံးဖြတ်ချက်ချပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းတာဟာ ရခိုင်ဒေသတွင်း အခြေအနေကို ပိုပြီး ဆိုးရွားစေနိုင်တာကြောင့် မြန်မာအစိုးရက ဒါကို လက်မခံတာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားပါတယ်။

“ကုလသမဂ္ဂဖွဲ့စည်းထားတဲ့ အချက်အလက် ရှာဖွေစုံစမ်းရေးအဖွဲ့ဟာ အခြေအနေ ပိုကောင်းလောအောင် အထောက်အကူ မပြုနိုင်တဲ့အပြင် မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား ပိုပြီးတော့ ရန်လိုမုန်းတီးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီ ကုလသဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကျမတို့ လက်မခံတာကတော့ ကျမတို့တည်ဆောက်လိုတဲ့ ဒေသတွင်း အချင်းချင်း အပြန်အလှန် ယုံကြည်နားလည်မှုနဲ့ သဟဇာတရှိရှိ အတူယှဉ်တွဲနေထိုင်နိုင်မှုကို အထောက်အပံ့ပေးနိုင်လိမ့်မယ်လို့ မယုံကြည်သလို၊ နှစ်ဘက်လုံးမှာရှိနေတဲ့ ကြောက်ရွံ့စိတ်တွေကိုလည်း ဖြေဖျောက်ပေးနိုင်လိမ့်မယ်လို့ ကျမ မထင်ပါဘူး။”

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော် ဆောင်ရွက်နေရာမှာ အခက်အခဲတွေရော၊ တိုးတက်မှုတွေရော ရှိနေတယ်ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ရှေ့ဆက် လုပ်ဆောင်သွားရမယ့် ကိစ္စတွေကို အစိုးရအနေနဲ့ မဆုတ်မနစ် ဆောင်ရွက်သွားမယ့်အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

ဆွီဒင်ဝန်ကြီးချုပ်နဲ့ မတွေ့ဆုံခင် ဒီကနေ့မနက်ပိုင်းက ဆွီဒင် နိုင်ငံခြားရေးဝန်ကြီး မားရ်ဂေါ့တ် ဗောလ်စတန် (Margot Wallström) တို့နဲ့ တွေ့ဆုံရာမှာတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ လူ့အခွင့်အရေး၊ ရာသီဥတု ပြောင်းလဲမှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Wallström က သူ့ရဲ့တွီတာစာမျက်နှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်ရောက် မြန်မာပြည်သူတွေနဲ့လည်း မကြာခင် နာရီပိုင်းအတွင်းက တွေ့ဆုံခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး နှစ်ခုစလုံးကို တပြိုင်နက်တည်း အလေးပေး ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း ပူးပေါင်း ကူညီပါဝင်ဖို့ တိုက်တွန်း ပြောကြားသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင် ဝန်ကြီးချုပ် Lofven နဲ့ ဆွီဒင် လွှတ်တော်ဥက္ကဋ္ဌ အာဘန် အာလင်း (Urban Ahlin) တို့ရဲ့ ဖိတ်ကြားချက်နဲ့ ဆွီဒင်နိုင်ငံကို နှစ်ရက်ကြာ တရားဝင် ချစ်ကြည်ရေး ခရီးရောက်နေတာပါ။ မနက်ဖြန် အင်္ဂါနေ့မှာတော့ ဆွီဒင်လွှတ်တော်မှာ မိန့်ခွန်း ပြောကြားမှာဖြစ်ပါတယ်။

ဆွီဒင်ခရီးစဉ်မတိုင်ခင် ကနေဒါနိုင်ငံကို ငါးရက်ကြာ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပြီး၊ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ၊ ကနေဒါဘုရင်ခံချုပ် David Johnston အပါအဝင် အစိုးရအရာရှိတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG