သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုခရီးစဉ် မြန်မာ-ဆွီဒင် ဆက်ဆံရေးတိုးဖို့ မျှော်လင့်


ဆွီဒင်နိုင်ငံကို သွားဖို့ ဒေါ်အောင်ဆန်းစုကြည် ကနေဒါကထွက်ခွါ
ဆွီဒင်နိုင်ငံကို သွားဖို့ ဒေါ်အောင်ဆန်းစုကြည် ကနေဒါကထွက်ခွါ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် ဆွီဒင်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်ကြောင့် နှစ်နိုင်ငံဆက်ဆံရေးပိုမို ခိုင်မာ လာစေဖို့ ဆွီဒင်ရောက် မြန်မာ အသိုင်းအဝိုင်းက မျှော်လင့်နေကြပါတယ်။ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ဟာ ဆွီဒင်လွှတ်တော်မှာ မိန့်ခွန်းပြောကြားဖို့ရှိသလို အဲဒီမတိုင်ခင် ဆွီဒင်ရောက် မြန်မာနဲ့ တိုင်းရင်းသားတွေကိုလည်း တွေ့ဆုံမှာဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ (၅-၉)ရက်နေ့အထိ ၅ ရက်ကြာ ကနေဒါချစ်ကြည်ရေး ခရီးစဉ်အပြီး ဒေသစံတော်ချိန် မနေ့ ညနေပိုင်းက တိုရန်တိုမြို့ကနေ ဆွီဒင်နိုင်ငံကို ဆက်လက်ထွက်ခွာသွားပါပြီ။

ဆွီဒင်လွှတ်တော်ဥက္ကဋ္ဌ Mr. Urban Ahlin မစ္စတာ အော်ရိဘန် အာလင်းနဲ့ ဝန်ကြီးချုပ် Mr. Stefan Lofven မစ္စတာ စတီဖန်လိုဗန်တို့ရဲ့ ဖိတ်ကြား ချက်နဲ့ ပထမဆုံးအကြိမ် လာရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန် လာစေဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဖွံဖြိုးရေးအပိုင်းမှာ ဆွီဒင်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေဆွေးနွေးဖို့ရှိမယ်လို့ မြန်မာနဲ့ တိုင်းရင်းသား အသိုင်းအဝိုင်း ဦးဆောင်သူတွေက သုံးသပ်နေကြပါတယ်။

အထူးသဖြင့် ဆွီဒင်ဟာ အစောကြီးကတည်းက ဒီမိုကရေစီထွန်းကားခဲ့တဲ့ နိုင်ငံ တနိုင်ငံ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို အမြတ်တနိုး တန်ဖိုးထားတဲ့ အတွက်လည်း အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်တယ်လို့မြင်ကြောင်း ဆွီဒင်ရောက် မြန်မာ့အရေး ဦးဆောင်လှုပ်ရှားနေတဲ့ ကိုထိန်ဝင်းက ပြောပါတယ်။

“ဆွီဒင်နိုင်ငံဟာ ဒီမိုကရေစီနဲ့ ပတ်သက်ရင် အင်မတန်မှ ရှေးကျတဲ့နိုင်ငံ တနိုင်ငံဖြစ် တယ်။ မြန်မာနိုင်ငံမှာကျတော့ စစ်အစိုးရခေတ်က အတော်လေး ကြာခဲ့တယ်။ ဒီလိုကြာခဲ့တဲ့ အတိုင်းအတာအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီရေးအတွက် အခြေနေ အမျိုးမျိုးမှာ အင်တိုက်အားတိုက် ရုန်းကန်လှုပ်ရှားခဲ့တယ်။ အဲဒီအပေါ်မှာ သူတို့က အမြတ်တနိုး လေးစားတန်ဖိုးထားတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆီက သူတို့သိချင်တာလေးတွေ မေးချင်တာတွေ ရှိပါလိမ့်မယ်။ အဲဒီအတွက် အလည်ပတ် ဖိတ်ကြားတာဖြစ်လိမ့်မယ်လို့ ကျနော် ယူဆတယ်”

ဒါအပြင် ခရီးစဉ်အတွင်း ဆွီဒင်နိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေအပြင် စက်မှုဖွံဖြိုးတိုးတက်မှုအပိုင်းတွေကိုပါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လေ့လာဖို့ရှိ မယ်လို့ ယူဆမိကြောင်း သူက အခုလို ဆိုပါတယ်။

“ကျနော်ထင်ပါတယ်။ ဆွီဒင်မှာ တော်တော်များများက စက်မှုထွန်းကားတဲ့ နိုင်ငံဖြစ်တယ်။ ဒီမှာကလေယာဉ်တွေ စက်ပစ္စည်းတွေ ဆေးဝါးပစ္စည်းတွေ တော်တော်များများ ထုတ်နိုင်တယ်။ လူ့အခွင့်အရေးကိုလည်း အတော်လေးစားတဲ့ နိုင်ငံဖြစ်တော့ ဒီကနေပြီး သူလိုချင် တာတွေကို လေ့လာသွားမယ့် အနေအထား ရှိတယ်လို့ ကျနော်ယူဆတယ်”

မေး။ ။ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ ဖွံဖြိုးရေးအပိုင်းမှာ ဆွီဒင်ရဲ့ ကူညီပံပိုးတဲ့ အခန်းကဏ္ဍလည်း ပါဝင်နိုင်တယ်ဆိုတော့ လက်ရှိ ဆွီဒင်နိုင်ငံရဲ့ ထောက်ပံမှုတွေကို ဘယ်လို တွေ့ရလဲရှင့်။

ဖြေ။ ။ ဆွီဒင်ရဲ့ထောက်ပံ့မှု အတော်အသင့်တော့ ရှိတယ်။ အားရကြေနပ်လောက်အောင် မရှိသေးဘူးလို့ပဲ ပြောရမှာပေါ့။ ဒီထက်မက ပိုပြီး ထောက်ပံ့နိုင်ရင် ကောင်းမယ်လို့ ကျနော်ကတော့ ပြောချင်တာပေါ့လေ။

ဆွီဒင်ရောက် မြန်မာအသိုင်းအဝိုင်းအနေနဲ့ အခြားတိုင်းရင်းသားအင်အားစုတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိကြောင်း ကိုထိန်ဝင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဒီ ဆွီဒင်နိုင်ငံရောက်တဲ့အခါမှာ သိုက်သိုက်ဝန်းဝန်း ကြိုဆိုဖို့ ရှိတယ်လို့တော့ ကျနော်သိထားပါတယ်။ ကျနော်တို့ မြန်မာပြည်သား အတော်များများ တိုင်းရင်းသား အတော်များများက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ကျနော်တို့ အချိန်တချိန် ရထားပါတယ်။ အဲဒီခါကျရင် အမေစုရဲ့မိန့်ခွန်းတွေ နားထောင်ဖို့ ရှိတယ်။ မေးချင် တာလေးတွေ မေးဖို့ရှိပါတယ်”

ခရီးစဉ်အတွင်း ဇွန်လ (၁၃)ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွီဒင်လွှတ်တော်မှာ မိန့်ခွန်းပြောကြားဖို့ရှိကြောင်း လွှတ်တော်က သတင်းထုတ်ပြန်ထားပေမဲ့ ခရီးစဉ် အသေးစိတ် ကိုတော့ မသိရသေးပါဘူး။ ရိုဟင်ဂျာအဖွဲ့အစည်းတချို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ဆွီဒင်လွှတ်တော် လာရောက်လည်ပတ်မယ့် အချိန်မှာ ဆန္ဒပြမယ့် အစီအစဉ်တွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆွီဒင်နိုင်ငံကနေ ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းမဖက် ဒီမိုကရေစီတိုက်ပွဲဝင်မှုတွေ၊ လူ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် ၂၀၀၅ခုနှစ်က Olof Plame ဆုချီးမြှင့်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG