သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ်အားကစားပွဲ သြစတြေးလျ ရွှေ ၂ ခုနဲ့ ဦးဆောင်နေ


သြစတြေးလျ ရေကူးအဖွဲ့ကတော့ မီတာ ၁၀၀ လက်ဆင့်ကမ်း အလွတ်တန်း ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူး
သြစတြေးလျ ရေကူးအဖွဲ့ကတော့ မီတာ ၁၀၀ လက်ဆင့်ကမ်း အလွတ်တန်း ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူး

၂၀၁၆ ခုနှစ် နွေရာသီ အိုလံပစ် အားကစားပွဲတွေကို ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမှာ ဒုတိယနေ့ ဆက်လက် ကျင်းပနေပါတယ်။ ဒီကနေ့အထိတော့ သြစတေးလျက ရွှေတံဆိပ် ၂ ခု၊ ကြေးတံဆိပ် တခုရပြီး ဆုတံဆိပ် သုံးခုနဲ့ ဦးဆောင်နေပါတယ်။ ဟန်ဂေရီက ရွှေတံဆိပ် ၂ ခု ရရှိထားပြီး အမေရိကန်ပြည်ထောင်စုကတော့ ရွှေတံဆိပ် ၁ ခု၊ ငွေ တံဆိပ် ၄ ခုနဲ့ တတိယနေရာကနေ လိုက်နေပါတယ်။ တောင်ကိုရီးယား၊ ဂျပန်၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ရုရှား၊ ထိုင်းနဲ့ ဗီယက်နမ်တို့လည်း ရွှေတံဆိပ် ၁ ခုဆီ ဆွတ်ခူးရရှိထားပါတယ်။

ဒီကနေ့ ဒုတိယနေ့မှာတော့ အိုလံပစ်ဆုတံဆိပ် အများဆုံး ဆွတ်ခူးရရှိထားသူ Michael Phelps မီတာ ၁၀၀ လက်ဆင့်ကမ်း အလွတ်တန်း ရေကူးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက ပြင်သစ်တို့ ရွှေတံဆိပ် ဆွတ်ခူးခဲ့ပြီးနောက် ဒီတကြိမ်မှာတော့ အမေရိကန်တို့ ရွှေတံဆိပ်ရဖို့ မျှော်လင့်နေ ကြပါတယ်။

မနေ့ စနေနေ့တုန်းကတော့ အမေရိကန် သေနတ်ပစ် အားကစားသမား အသက် ၁၉ နှစ်အရွယ် Ginny Thrasher က အမျိုးသမီး လေသေနတ်ပစ်ပြိုင်ပွဲမှာ ၂၀၁၆ ခုနှစ် နွေရာသီ အိုလံပစ်ပွဲတော်ရဲ့ ပထမဆုံးသော ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။ Katie Ledecky ဦးဆောင်တဲ့ အမေရိကန် ရေကူးအဖွဲ့ကတော့ မီတာ ၁၀၀ လက်ဆင့်ကမ်း အလွတ်တန်း ရေကူးပြိုင်ပွဲမှာ ငွေတံဆိပ် ဆွတ်ခူးပါတယ်။ ဒီပြိုင်ပွဲမှာ သြစတေးလျအသင်းက ၃ မိနစ် ၃၀ ဒသမ ၆၅ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ ဟန်ဂေရီနိုင်ငံက Katinka Hosszu ကတော့ အမျိုးသမီး တဦးချင်း မီတာ ၄၀၀ အလွတ်တန်း ရေကူးပြိုင်ပွဲမှာ ၄ မိနစ် ၂၆ ဒသမ ၃၆ စက္ကန့်နဲ့ ရွှေတံဆိပ် ဆွတ်ခူးခဲ့သလို ကမ္ဘာ့စံချိန်သစ်လည်း တင်ခဲ့ပါတယ်။ အမေရိကန် ရေကူးအားကစားသမား Maya DiRado ကတော့ ၂ ဒသမ ၇၂ စက္ကန့် နောက်ကျခဲ့ပြီး ငွေတံဆိပ်ဆုရပါတယ်။

အမေရိကန် တင်းနစ်အကျော်အမော် Venus Williams ကတော့ ဘယ်လ်ဂျီယံတင်းနစ်မယ် Kristen Flipkens ကို ပထမအဆင့်မှာတင် ရှုံးနိမ့်ခဲ့ပါတယ်။

အမျိုးသမီး Handball ပြိုင်ပွဲမှာတော့ ဘရာဇီလ်းက လက်ရှိချန်ပီယံ နော်ဝေကို ၃၁ - ၂၈ နဲ့ အနိုင်ရပါတယ်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာတော့ အမေရိကန်အမျိုးသမီးအသင်းက ပြင်သစ်အသင်းကို ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရပါတယ်။

ဘတ်စကက်ဘောပြိုင်ပွဲမှာတော့ အမေရိကန် အမျိုးသားဘတ်စကက်ဘောအသင်းက တရုတ်အသင်းကို ၁၁၉ - ၆၂ နဲ့ အပြတ်အသတ် အနိုင်ရရှိသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG