သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမှုနောက်ပိုင်း ပုဂံခရီးသွားဦးရေ သိသိသာသာကျဆင်း


📷ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်နေတဲ့ မန္တလေးတိုင်း ပုဂံမြို့ စူဠာမဏိစေတီ (ဇူလိုင် ၈၊ ၂၀၂၄)
📷ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်နေတဲ့ မန္တလေးတိုင်း ပုဂံမြို့ စူဠာမဏိစေတီ (ဇူလိုင် ၈၊ ၂၀၂၄)

မြန်မာနိုင်ငံအတွင်း စီးပွားရေးအကြပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခအကြား ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်နေပြီး အထူးသဖြင့် ကမ္ဘာလှည့်ခရီးသည်တွေကို ပုံမှန်လာရောက်လေ့ရှိတဲ့ ပုဂံမှာ တချို့ရက်တွေ ခရီးသည်တွေ ခြောက်ကပ်နေတဲ့အကြောင်း ဒေသခံတွေ ပြောဆိုတာကို AFP သတင်းမှာ ဖေါ်ပြပါတယ်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ က UNESCO က ရှေးဟောင်းအမွေအနှစ်အဖြစ်ထိမ်းသိမ်းရမယ့် နေရာအဖြစ် ၂၀၁၉ ခုနှစ်က သတ်မှတ်ခဲ့တဲ့ ပုဂံကို အရင် ၅ နှစ်က ခရီးသည် ၃.၄ သန်း လာရောက်လည်ပတ်ခဲ့ပေမဲ့လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းနှစ်တွေမှာ တနှစ်ကို ခရီးသည် ၂ သိန်းလောက်ပဲ လာရောက်တော့တယ်လို့ စစ်ကောင်စီ ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖေါ်ပြပါတယ်။ ခရီးသွားလုပ်ငန်း တိုးမြှင့်ဖို့ ရည်ရွယ်ချက်နဲ့ ပြည်တွင်း ပြည်ပက ခရီးသွားဧည့်သည်တွေ သွားရောက်လည်ပတ်သင့်တဲ့ နေရာ ၁၄ ခုကို ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ကြေညာခဲ့ပြီး တရုတ်နဲ့ အိန္ဒိယကနေ လာရောက်မယ့် ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာတွေ ပေးအပ်ခဲ့ပါတယ်။ လည်ပတ်သင့်တယ်ဆိုပြီး ကြေညာခဲ့တဲ့အထဲမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ ငွေဆောင်၊ ချောင်းသာ၊ ငပလီ အပါအဝင် ပြင်ဦးလွင်၊ ကလော၊ အင်းလေး၊ တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နဲ့ ပူတာအို ဒေသတွေကို ကြေညာခဲ့ပါတယ်။ လုံခြုံရေးအခြေအနေအရ အပြောင်းအလဲကို ထပ်မံ ပြင်ဆင်တာမျိးတော့ မတွေ့ရသေးပါဘူး။

ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်နေတဲ့ ပုဂံမြို့ မြစ်ကမ်းဘေးက ဗူးဘုရား (ဇူလိုင် ၇၊ ၂၀၂၄)
ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်နေတဲ့ ပုဂံမြို့ မြစ်ကမ်းဘေးက ဗူးဘုရား (ဇူလိုင် ၇၊ ၂၀၂၄)

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည် တသန်းအထိ တိုးလာပြီလို့ စစ်ကောင်စီ ဟော်တယ်နဲ့ ခရီးသွားလုပ်ငန်းဌာနက ကြေညာထားပြီး ခရီးသည်တွေ ဒီထက်လာဖို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း တိုင်းပြည်နေရာအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ တိုးလာနေပြီး ပုဂံမှာ တခါတရံ စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်သံတွေကို ကြားရတဲ့အကြောင်း အမည်မဖေါ်လိုသူ ဒေသခံ တယောက်က AFP သတင်းဌာနကို ပြောပါတယ်။ ကျပ်ငွေတန်ဖိုး ထိုးကျတာ၊ ခရီးသွားခွင့် အကန့်အသတ်နဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ခံရတာ၊ လုံခြုံရေးအခြေနေတွေကြောင် ခရီးသွားလုပ်ငန်းတွေ ဒီထက်ပိုပြီး ဆိုးလာနိုင်တယ်ဆိုပြီး စီးပွားရေးပညာရှင်တွေက သုံးသပ်နေပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ၂၈ သန်း လာရောက်လေ့ရှိပါတယ်။

Forum

XS
SM
MD
LG