သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အလားအလာ


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်မှာတွေ့ရတဲ့ နိုင်ငံခြားသားဧည့်သည်များနှင့် ဘုရားဖူးများ (ဇန်နဝါရီ ၁၉၊ ၂၀၂၀)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်မှာတွေ့ရတဲ့ နိုင်ငံခြားသားဧည့်သည်များနှင့် ဘုရားဖူးများ (ဇန်နဝါရီ ၁၉၊ ၂၀၂၀)

မြန်မာနိုင်ငံရဲ့ လာမယ့်ပွင့်လင်းရာသီမှာ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်တွေအတွက် သွားရောက်လည်ပတ်သင့်တဲ့ ဒေသ ၁၄ ခုကို ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နယ်မြေလုံခြုံမှု မရှိတာကြောင့် နိုင်ငံတချို့က သူတို့နိုင်ငံသားတွေကို မြန်မာပြည်တွင်း ခရီးသွားလာရေးဆိုင်ရာ ကန့်သတ်မှုတွေ ချထားတဲ့အတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းတွေအတွက် ဘယ်လောက်ထိ မျှော်လင့်လို့ရပါသလဲ။ ဒီအကြောင်း သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြမှာပါ။

ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်တွေအနေနဲ့ လာမယ့်ပွင့်လင်းရာသီမှာ ဦးစားပေးသွားရောက် လည်ပတ်သင့်တဲ့ ခရီးစဉ်ဒေသ ၁၄ ခုကို ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနဲ့ ငွေဆောင်၊ ချောင်းသာ၊ ငပလီ အပါအဝင် ပြင်ဦးလွင်၊ ကလော၊ အင်းလေး၊ တောင်ကြီး၊ ကော့သောင်း၊ ကျောက်ဖြူ၊ မာန်အောင်နဲ့ ပူတာအို ဒေသတွေကို ညွှန်းထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်ကတော့ လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာ ခရီးသွားကာလတွေမှာ ပြီးခဲ့တဲ့နှစ်ကထက် ပြည်တွင်းခရီးသွား ပိုများလာနိုင်တယ်လို့ ခန့်မှန်းပါတယ်။

"ပြည်တွင်းခရီးသွားတွေကတော့ ပုံမှန်အားဖြင့် တက်နေတာပဲရှိပါတယ်။ ပြီးခဲ့တဲ့ ကိုဗစ်ကတည်းက ခရီးမသွားထားတဲ့ သူတွေရှိတယ်။ ကိုဗစ်မတိုင်ခင်တုန်းက ပြည်တွင်းခရီးသွားက ၁၀ သန်းလောက် သွားခဲ့တာဆိုတော့လေ။ အခုမှ တသန်းကျော်ကျော်လောက်ပဲ ရှိသေးတယ် ပြီးခဲ့တဲ့နှစ်က။ ဆိုတော့ ဒီနှစ်မှာတော့ ဒီထက်ပိုပြီး သွားပါလိမ့်မယ် ပြည်တွင်းခရီးသွားကလေ၊ ၂ သန်း၊ ၃ သန်းကျော်အထိ ရောက်သွားနိုင်ပါတယ်။"

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ခရီးသွားရာသီမှာ ပြည်တွင်းခရီးသွားဦးရေ တသန်းကျော် ရှိခဲ့တာဖြစ်ပြီး အခုနှစ်မှာ ၃ သန်းကျော်ဖို့ မျှော်လင့်နေတာပါ။ တရုတ်နဲ့ အိန္ဒိယကနေ လာရောက်လည်ပတ်မယ့် ခရီးသွားဧည့်သည်တွေကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးထားတာကြောင့် ပြည်ပခရီးသည်တွေကိုလည်း လာမယ့်ခရီးသွားရာသီမှာ မျှော်လင့်လို့ရတယ်လို့ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

"ပြည်ပခရီးသွားကတော့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို မကြာသေးခင်ကမှ Visa On Arrival ပေးလိုက်တဲ့အတွက် တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံရဲ့ ခရီးသွားတွေ ပုံမှန်ဝင်ရောက်ဖို့ ရှိပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံက ပိုမိုဝင်ရောက်ဖို့ ရှိပါတယ်။ ဒါကြောင့်မို့ လာမယ့်ပွင့်လင်းရာသီမှာ တရုတ်နိုင်ငံရဲ့ ခရီးသွားတွေ ပိုပြီးများမယ်ပေါ့နော်။"

ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ ပုဂံ
ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ ပုဂံ

မြန်မာပြည်မှာ ကိုဗစ်ကာလ မတိုင်ခင်က ပြည်တွင်းခရီးသွား အရေအတွက်က နှစ်စဉ် ၁၀ သန်းဝန်းကျင် ရှိခဲ့ပြီး၊ ပြည်ပခရီးသွား ဧည့်သည်က ၄ သန်းကျော်အထိ ရှိခဲ့ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားက ထုတ်ပြန်ထားတဲ့အထဲမှာ ရှမ်းပြည်တောင်ပိုင်းက ဒေသတချို့ ပါဝင်ပေမယ့် လက်တွေ့မှာတော့ နေရာတချို့ကိုပဲ နိုင်ငံခြားသားတွေ သွားလာလို့ရတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဥပမာ ဓနုဒေသက ပင်းတယနဲ့ ရွာငံလို နေရာတွေကို ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းကစလို့ နိုင်ငံခြားသား ညအိပ်သွားလာခွင့် မပေးသေးပါဘူး။ ဒီနေရာတွေက နိုင်ငံခြားသားခရီးသွားကို အဓိက ဆွဲဆောင်နိုင်တဲ့ ခရီးစဉ်တွေဖြစ်လို့ ခရီးသွားလုပ်ငန်းတွေအနေနဲ့ အခြေအနေတွေ ပြန်ကောင်းလာဖို့တော့ မျှော်လင့်နေကြတယ်လို့ ရှမ်းပြည်တောင်ပိုင်းက ခရီးသွားလုပ်ငန်းရှင်တဦးက ပြောပါတယ်။

"တကယ်တော့ နိုင်ငံခြားခရီးသွားကလည်း မရှိသလောက်ပါပဲ၊ ရှမ်းပြည်တောင်ပိုင်းကလေ။ မြန်မာနိုင်ငံမှာလည်း နိုင်ငံခြားခရီးသွားက ဘယ်လိုပဲ ခရီးသွားလုပ်ငန်းတွေ ပြန်ပြီးတော့ ပြန်စတယ်ပြောပြော ပြည်တွင်းခရီးသွားတွေပဲ သွားကြတာ။ နိုင်ငံခြား ခရီးသွားကတော့ မရှိသလောက်ကို နည်းတယ် ဒီဘက်မှာပေါ့။ ရန်ကုန်လည်း ဒီလိုပဲရှိပါလိမ့်မယ်။ ဆိုတော့ လာမဲ့ခရီးသွားရာသီလည်း ကျနော်တို့ မျှော်မှန်းထားသလောက် ကတော့ ပြည်တွင်း ခရီးသွားလောက်ပဲ လာကြမှာ။"

လက်ရှိအချိန်မှာ ပြည်တွင်းကို နိုင်ငံခြားသား ဝင်ရောက်နေတယ် ဆိုတာကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံရုံးတွေနဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ အဓိက လာရောက်တာလို့ ပြောလို့ရနိုင်ကြောင်း သူကပြောပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေကလည်း သူတို့နိုင်ငံသားတွေကို မြန်မာပြည်ထဲ ခရီးသွားခွင့် ကန့်သတ်ထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်း လုံးဝရပ်တန့်ခဲ့ရပြီး၊ တကျော့ပြန်ဦးမော့နိုင်ဖို့ ပြန်လည်ကြိုးပမ်းချိန်မှာ နိုင်ငံတွင်း အာဏာသိမ်းနောက်ဆက်တွဲ ပဋိပက္ခတွေကြောင့် ခရီးသွားလာခွင့်က အရင်လို ပုံမှန်ပြန်လည်ပတ်နိုင်ဖို့ ခက်ခဲနေတာပါ။ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကလည်း လာမယ့်ပွင့်လင်းရာသီအတွက် ပြည်တွင်းခရီးသွားတွေကိုသာ အဓိကအားထားရမယ့် အခြေအနေရှိတယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG