ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Bakhmut မြို့ ထိန်းချုပ်ရေးအတွက် ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေအကြား အပြန်အလှန် ကြိုးစားနေကြရာမှာ ဒီကနေ့ တနင်္လာနေ့မှာလည်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။ ရုရှားတပ်ဖွဲ့တွေရဲ့ မြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာတွေကို မိမိတို့တပ်ဖွဲ့တွေက အမြောက်တွေ၊ တင့်ကားတွေနဲ့ တခြား လက်နက်တွေသုံးပြီး တွန်းလှန်နေကြောင်း ယူကရိန်းစစ်ဘက်က ပြောပါတယ်။ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဒီရက်ပိုင်းအတွင်း အကဲဖြတ်မှုအရ Bakhmut မြို့ အရှေ့ခြမ်းနေရာ အများစုကို ရုရှား Wagner ကြေးစားတပ်ဖွဲ့ကနေ သိမ်းယူထားပြီး ယူကရိန်းတပ်ဖွဲ့တွေက အနောက်ပိုင်းကို ထိန်းထားပါတယ်။ Wagner တပ်ဖွဲ့ တည်ထောင်သူ Yevgeny Prigozhin ကလည်း သူတို့တပ်ဖွဲ့တွေဟာ Bakhmut မြို့လည်ကို နီးကပ်လာတာနဲ့အမျှ တိုက်ပွဲတွေ ပြင်းထန်ပြီး ပိုပြီတော့ ခက်ခက်ခဲခဲ တိုက်ခိုက်နေရတယ်လို့ မနေ့က တနင်္ဂနွေနေ့ က ပြောပါတယ်။
ရုရှားတွေအနေနဲ့ကတော့ ရည်မှန်းထားတဲ့အတိုင်း ယူကရိန်းအရှေ့ပိုင်း Donbas ဒေသတခုလုံးကို သိမ်းယူဖို့အတွက် အဓိကကျတဲ့ အစိတ်အပိုင်းအနေနဲ့ Bakhmut ကို သိမ်းယူရေးအတွက် တိုက်ခိုက်နေပါတယ်။ ယူကရိန်း သမ္မတ Volodymyr Zelenskyy ကတော့ Bakhmut ရုရှားလက်အောက် မကျရေးခုခံတိုက်ဖို့ သံဓိဌာန်ချထားကြောင်း ပြောပါတယ်။ ဒါပေမဲ့လည်း Bakhmut မြို့ကို ရုရှားရသွားရင်တောင် အခုဖြစ်နေတဲ့ စစ်ပွဲကြီးအတွက် ကြီးမားတဲ့ အပြောင်းအလဲဖြစ်မှာမဟုတ်ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး LIoyd Austin နဲ့ NATO မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ အတွင်းရေးမှူး Jens Stoltenberg အပါအဝင် အနောက်မဟာမိတ်တွေက ပြောပါတယ်။
ဒီတောအတွင်းမှာပဲ တရုတ်သမ္မတ ရှီကျင့်ပင်ဟာ ရုရှားနိုင်ငံကို ဒီသီတင်းပတ်အတွင်း သွားရောက်ပြီး ရုရှားသမ္မတ Putin နဲ့ တွေ့ဆုံမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူကရိန် စစ်ပွဲအရေးနဲ့ပတ်သက်ပြီး ကြားဝင်ပြီး ငြိမ်းချမ်းရေး ဆောင်ရွက်ပေးဖို့ တရုတ်ဘက်က ကမ်းလှမ်းနေချိန်မှာ အခုလို ရှီကျင့်ပင်ရဲ့ ခရီးစဉ် ပေါ်ထွက်လာတာဖြစ်ပါတယ်။ တယ်။ ရုရှားအပေါ်မှာ သံတမန်ရေးအရ ထောက်ခံထားတဲ့အတွက် တရုတ်နိုင်ငံရဲ့ အဲဒီလို ဆောင်ရွက်ချက်တွေ အပေါ်မှာ အနောက်နိုင်ငံတွေကတော့ သံသယရှိနေပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီး ၂ ဘက် စလုံး အတည်မပြုသေးပါဘူး။ ရှီကျင့်ပင်ဟာ သမ္မတဖြစ်ပြီးကတည်းက ရုရှားခေါင်းဆောင်ပူတင်နဲ့ တွေ့ဆုံတာ နောက်ဆုံးတခေါက် မနှစ်က စက်တင်ဘာခရီးအပါအဝင် ၃၉ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။