ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ဈေးတခုထဲမှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကို ထိုင်းအာဏာပိုင်တွေ ဒီကနေ့ တွေ့ရှိ ဖယ်ရှား လိုက်ပါတယ်။ ဒီဗုံးဟာ ပြီးခဲ့တဲ့သီတင်းပတ်က ချိန်ကိုက်စီစဉ်ပြီး ဖောက်ခွဲခဲ့တဲ့ ဗုံးတွေထဲက မပေါက်ဘဲ ကျန်နေခဲ့တဲ့ ဗုံးဖြစ်တယ် လို့ဆိုပါတယ်။ အဲဒီပေါက်ကွဲမှုတွေကြောင့် လူလေးယောက် ဒဏ်ရာရခဲ့တာပါ။
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ အမေရိကန်၊ တရုတ်နဲ့ တခြား ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေက နိုင်ငံခြားရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတွေ ဘန်ကောက်မှာ အစည်းအဝေးတွေလုပ်ခဲ့တဲ့ ရက်တွေ အတွင်း ပြီးခဲ့တဲ့ သောကြာနေ့က ဗုံးအသေးစား ၆ လုံးနဲ့ မီးလောင်စေတဲ့ဗုံး ၆ လုံး ပေါက်ကွဲခဲ့တာပါ။
ဘန်ကောက်မြို့လည်ခေါင်က Prathunam ဈေးထဲမှာ ဒီကနေ့တွေ့ပြီး ဖယ်ရှားလိုက်တဲ့ မီးလောင်စေတဲ့ဗုံးဟာ သောကြာနေ့က ပေါက်ကွဲခဲ့တဲ့ဗုံးတွေနဲ့ ဆင်တူတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။
ဗုံးပေါက်ကွဲမှုတွေနဲ့ ဆက်စပ်ပြီး သံသယရှိသူ ၉ ဦးကို ဖမ်းထားတယ်လို့ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha က ပြောပါ တယ်။ အဲဒီဖမ်းထားတဲ့လူတွေထဲမှာ ပေါက်ကွဲမှုတွေမတိုင်ခင်တရက်က ဘန်ကောက်မြို့လည်ခေါင် ထိုင်းရဲဌာနချုပ်ရှေ့မှာ ဗုံးနှစ်လုံးထောင်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရသူနှစ်ဦးလည်း ပါဝင်ပါတယ်။
အဲဒီလူနှစ်ယောက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ လက်နက်ကိုင်ပုန်ကန်ထကြွနေတဲ့ မွတ်ဆလင်အများစုနေထိုင်ရာ Narathiwat ပြည်နယ်ကပါ။ မလေးမွတ်ဆလင် အများစုနေထိုင်တဲ့ ထိုင်းတောင်ပိုင်းက ပြည်နယ်အတော်များများမှာ ဆယ်စုနှစ်တခုကြာ လက်နက်ကိုင်ပုန်ကန်မှုကြောင့် ၂၀၁၄ ခုနှစ်ကတည်းကဆိုရင် လူပေါင်း ၇ ထောင်နီးပါး သေဆုံးရပြီးဖြစ်ပါတယ်။