သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲ BNP ပါတီ သပိတ်မှောက်ဖို့ ဆုံးဖြတ်


BNP ပါတီမှ နိုင်ငံရေးသမားများထိန်းသိမ်းထားရာ Keraniganj အရပ်ကအကျဥ်းထောင်ဂိတ်၊ နိုဝင်ဘာ ၁၈၊ ၂၀၂၃။
BNP ပါတီမှ နိုင်ငံရေးသမားများထိန်းသိမ်းထားရာ Keraniganj အရပ်ကအကျဥ်းထောင်ဂိတ်၊ နိုဝင်ဘာ ၁၈၊ ၂၀၂၃။

ဘင်္ဂလားဒေ့ရှ်ရဲ့ အကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) က ရှေ့လမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့ပြီး “အတုအယောင် မဲပေး ပွဲ” မှာ မပါဝင်နိုင်ဘူးလို့ ကြေညာခဲ့တဲ့အတွက် ရွေးကောက်ပွဲရဲ့ လွတ်လပ်တရားမျှတမှု အတွက် စိုးရိမ်မှု ရှိကြောင်း ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ လေ့လာသုံးသပ်သူတွေက ထုတ်ဖော်ပြောဆိုကြပါတယ်။

ဇန်နဝါရီလ ရွေးကောက်ပွဲကို BNP အပါအဝင် အတိုက်အခံ ၁၇ ပါတီက သပိတ်မှောက်ထားတာပါ။ BNP ပါတီဝင် တဦးဖြစ်တဲ့ အဗ္ဗဒူလ်မိုယီခန်းက ဘင်္ဂလားဒေ့ရှ်မှာ “ဒီမိုကရေစီ သေဆုံးခဲ့ပြီ” လို့ ဆိုကာလက်ရှိ အာဏာရ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာရဲ့ အဝါမီလိဂ် အစိုးရလက်အောက်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မရှိနိုင်ဘူးလို့ ကြာသပတေးနေ့က ဗွီအိုအေကို ပြောပါတယ်။

"အစိုးရက ရပ်ဘက်အုပ်ချုပ်ရေး၊ ရဲအုပ်ချုပ်ရေး၊ တရားစီရင်ရေးအပြင် ရွေးကောက်ပွဲကော်မရှင် အပါအဝင် နိုင်ငံတွင်းက လွတ်လပ်တဲ့ ပြည်သူ့ရေးရာ အဖွဲ့အစည်းအားလုံးကို လက်ဝါးကြီးအုပ်ထားပြီး လက်ရှိအနေအထားနဲ့ လွတ်လပ်၊ တရားမျှတပြီး ဘက်မလိုက်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်မယ့် နည်းလမ်းမရှိဘူး” လို့ ခန်းက ပြောပါတယ်။

“BNP က ဒီလို အဓိပ္ပာယ်မဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့က ဘာအကြောင်းမှ မရှိဘူး” လို့ သူ ဆိုပါတယ်။ အာဏာရပါတီ အဝါမီလိဂ်ရဲ့ အထွေထွေအတွင်းရေးမှူး အိုဘိုင်ဒါလ် ကွေဒါ (Obaidul Quader) ကတော့ ဒါကို ပယ်ချပြီး ရွေးကောက်ပွဲကို “အဓိကအတားအဆီး” အနှောင့်အယှက် ဖြစ်စေတာက သူပါတီမဟုတ်ဘဲ BNP ပါတီကြောင့်လို့ ပြောထားပါတယ်။

ဒါပေမယ့် ကွေဒါ ကတော့ “အထွေထွေရွေးကောက်ပွဲ ရထားကြီးကို ရပ်တန့်ဖို့ သူတို့အောင်မြင်မှာ မဟုတ်ဘဲ ရထားဟာအဆုံးမှာ သူ့ရဲ့ ဦးတည်ရာကို အချိန်မှန်ရောက်မယ်” လို့ပြောပါတယ်။ “BNP ပါတီအနေနဲ့ ရွေးကောက်ပွဲ မ၀င်ပေမယ့် လွှတ်တော် ကိုယ်စားလှယ်ဟောင်း အယောက် ၃၀ လောက်က ရွေးကောက်ပွဲမှာ ပါဝင်မှာ ဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း ပြည်သူလူထုက အလိုအလျောက် ပူးပေါင်းပါဝင် မှာဖြစ်လို့ အောင်မြင်တဲ့ ရွေးကောက်ပွဲ ဖြစ်လာမယ်” လို့လည်း အာဏာရ အဝါမီလိဂ် ပါတီက ပြောပါတယ်။

ဒါပေမယ့် အတိုက်အခံ ပါတီတွေနဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက ရွေးကောက်ပွဲရဲ့ လွတ်လပ် ကြားနေမှုကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုချက်တွေကြောင့် နိုင်ငံတကာကလည်း ဇန်နဝါရီ ၇ ရက် ရွေးကောက်ပွဲကို လွတ်လပ်မျှတစွာ ကျင်းပဖို့ ဟာဆီနာ အစိုးရကို တိုက်တွန်းနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG