သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည်တွေပြန်ခေါ်ရေး ကုလ ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရ်ှ်တိုက်တွန်း


ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းက မြန်မာနိုင်ငံသား အားလုံး ပြန်ခေါ်ရေး မြန်မာ အစိုးရ အနေနဲ့ အဓိပ္ပါယ်ရှိရှိ လေးလေးနက်နက် ဆောင်ရွက်လာစေဖို့ ကုလသမဂ္ဂဘက်က တွန်းအားပေးပါလို့ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီး မာမွတ် အလီက ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi နဲ့ မနေ့ စနေနေ့က တွေ့ဆုံ ဆွေးနွေးတာမှာ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးက အခုလို တိုက်တွန်း ပြောဆိုလိုက်တာပါ။ ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ် အထိ ရခိုင်ပြည်နယ်တွင်းက မူဆလင်၂၃၆, ၅၉၉ ဦးကို ဘင်္ဂလားဒေရှ့် နိုင်ငံကနေ မြန်မာနိုင်ငံထံ ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်တယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကို ပြောဆိုခဲ့ပါတယ်။

နှစ်နိုင်ငံကြား ဒုက္ခသည် ၁၀,၈၂၀ တို့ကို နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေ ပြီးဆုံးထားပြီး ဖြစ်ပေမယ့် ၂၀၀၅ ခုနှစ်က စလို့ မြန်မာ အစိုးရဘက်က ဒုက္ခသည် ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားတဲ့ အပေါ်မှာတော့ စိုးရိမ်ပူပန်တယ်လို့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးက ကုလ မဟာမင်းကြီး Filipo Grandi ကို အသိပေးခဲ့တဲ့ အကြောင်းလည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်က မြန်မာ ဒုက္ခသည်တွေ ပြန်လည် ခေါ်ယူရေး အရင် မြန်မာ အစိုးရ အဆက်ဆက် ဆောင်ရွက်လာပေမယ့် လူသိရှင်ကြား ထုတ်ဖော် ပြောဆိုမှုကတော့ မရှိလှပါဘူး။

ဘင်္ဂလားဒေရှ့် နိုင်ငံ ကော့ဘဇားမှာ မြန်မာဘက်က ဝင်ရောက်လာသူတွေ များပြားလှတာကြောင့် ဒေသတွင်း လူမှုစီးပွားရေး၊ နိုင်ငံရေး၊ ဒေသတွင်း ဖွားသေစာရင်း၊ ကျန်းမာရေးဆိုင်ရာ စစ်တမ်းတွေ ကောက်ယူနိုင်မှု၊ နောက် သဘာ၀ ပတ်ဝန်းကျင် အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာနဲ့ လုံခြုံရေး အခြေအနေတွေ အပေါ်မှာ ဆုတ်ယုတ်မှုတွေ ဖြစ်စေပါတယ်လို့လည်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တာပါ။

တရားမဝင် မြန်မာနိုင်ငံသားတွေနဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေရှ့် အစိုးရဘက်က လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပံ့ပိုးဆောင်ရွက်ပေးနေတဲ့ အခြေအနေတွေကိုလည်းကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အကြီးအကဲကို နိုင်ငံခြားရေး ဝန်ကြီးက ရှင်းပြခဲ့ပါတယ်။ကုလ မဟာမင်းကြီး Filippo Grandi က မြန်မာနိုင်ငံ ခရီးစဉ် အပြီးမှာ ဘင်္ဂလားဒေရှ့် နိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပြီး မနက်ဖြန် တနလာၤနေ့မှာတာ့ ကော့ဘဇားက မြန်မာ ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံမှာ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဌာနက ကြေညာချက် ထုတ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG