သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ချ်ဝန်ကြီးချုပ် မြန်မာကိုတိုက်တွန်း


မှတ်တမ်းဓာတ်ပုံ - ဘင်္ဂလားဒေရှ့် နိုင်ငံ Teknaf က ရိုဟင်ဂျာ ဒုက္ခသည် စခန်း။
မှတ်တမ်းဓာတ်ပုံ - ဘင်္ဂလားဒေရှ့် နိုင်ငံ Teknaf က ရိုဟင်ဂျာ ဒုက္ခသည် စခန်း။

မြန်မာနိုင်ငံမှာ ဖိနှိပ်ခံရမှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို တရားမဝင် ရောက်လာခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်ပြီးခေါ်ယူဖို့ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိခ်ဟာစီနာက မြန်မာအာဏာပိုင်တွေကို ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ချ်မှာ ရောက်နေတဲ့ မြန်မာနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းနဲ့ ဝန်ကြီးချုပ် ဟာစီနာတို့ မြို့တော် ဒါကာမှာ မနေ့က တွေ့ဆုံခဲ့ကြတုန်း အခုလို တိုက်တွန်းခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်က လာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရိုဟင်ဂျာ ၃ သောင်းပဲ မှတ်ပုံတင်ထားတာ ဖြစ်ပြီး မြန်မာပြည်က ဒုက္ခသည် ၄ သိန်းကျော်ကို ခိုလှုံခွင့်ပေးထားတယ်လို့ဦးသောင်းထွန်းကို ဝန်ကြီးချုပ် ဟာစီနာက ပြောခဲ့တယ်လို့တွေ့ဆုံမှုအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဟာစီနာရဲ့ပြန်ကြားရေး အရာရှိ အီရှာနူခါရမ်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွေ မှာဖေါ်ပြထားတာပါ။

အိမ်နီးချင်း နိုင်ငံတွေ အကြားမှာ ပြဿနာတွေ ဖြစ်တတ်တာဟာ သဘာဝပဲ ဆိုပေမယ့် နှစ်ဘက် ပြောဆိုညှိနှိုင်းပြီး ပြဿနာကို ပြေလည်အောင် ဘင်္ဂလားဒေ့ရှ် အနေနဲ့ ပူးပေါင်းလုပ် ဆောင်နိုင်ပါတယ် လို့လည်း ဝန်ကြီးချုပ် ဟာစီနာက ပြောခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားအကြံပေး ဦးသောင်းထွန်းက ပြောဆိုခဲ့တဲ့ အထဲမှာ ဘင်္ဂလားဒေ့ရှ်မှာ မြန်မာနိုင်ငံက တရားမဝင် ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ အရေးကို ဖြေရှင်းဖို့ လုပ်ဆောင်ချက်တရပ်ဖြစ်တဲ့ နိုင်ငံသားစိစစ်ရေး စနစ်တခုကို စတင်ဖို့ မြန်မာဘက်က စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ် ဟာစီနာရဲ့ ဆွေးနွေးမှုထဲမှာ မြန်မာပြည်ကနေဝင် ရောက်လာတဲ့ အထူးသဖြင့် ရာဘလို့ ခေါ်တဲ့ မက်သအဖက်တမင်း စိတ်ကြွဆေးတွေဟာ ဘင်္ဂလားဒေ့ရှ် လူငယ်တွေ အပေါ် ဘယ်လို အကျိုးသက်ရောက် နေသလဲဆိုတာနဲ့ဒီလို မူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကို ရပ်တန့်ဖို့မြန်မာရဲ့ အကူအညီ လိုတဲ့အကြောင်းလည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG