သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဆိုင်ကလုန်းဒဏ် ခံကြရမည့် ရိုဟင်ဂျာဒုက္ခသည်တွေ အရေး နိုင်ငံတကာ ကြက်ခြေနီ စိုးရိမ်


ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားက Unchiprang ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာမူဆလင် အမျိုးသားတွေ ရေခပ်နေစဉ် (နိုဝင်ဘာ၊ ၁၆၊ ၂၀၁၈)

ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် မကြာခင် ကျရောက်မယ့် ဆိုင်ကလုန်း ရာသီ အတွင်း ကြုံတွေ့နိုင်တဲ့ အန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်မှု နည်းပါးနေတယ်လို့ ကြက်ခြေနီနဲ့ လခြမ်းနီ အသင်းများ နိုင်ငံတကာ ဖက်ဒရေးရှင်း IFRC က သတိပေးလိုက်ပါတယ်။ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့ကနေ ဗွီအိုအေ သတင်းထောက် Lisa Schlein သတင်းပေးပို့ထားတာကို မသိင်္ဂီထိုက် တင်ပြပေးမှာပါ။

ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းထဲက အများစု အနေနဲ့တော့ မကြာခင် သတင်းပတ်တွေ အတွင်း ဘင်္ဂလားပင်လယ်အော် ကနေ မလွှဲမသွေ ကျရောက်လာတော့မယ့် လေပြင်းနဲ့ မိုးသည်းထန်မှုတွေကို ကြံ့ကြံ့ခံနိုင်ဖို့ ခက်လိမ့်မယ်လို့ ကြက်ခြေနီ အသင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒုက္ခသည်တွေက ၀ါးနဲ့ ဆောက်၊ပလတ်စတစ်နဲ့ ကာရံပြီး အမိုး လုပ်ထားရတဲ့ ခနော်နီ ခနော်နဲ့ ညစ်ပတ်နေတဲ့ တဲအိမ်တွေမှာ နေနေကြရတယ်လို့ ကြက်ခြေနီ အသင်းရဲ့ ပြောခွင့်ရ Matthew Cochrane က ဗွီအိုအေကို ပြောပါတယ်။

“မိုးရာသီ စပြီ ဆိုတာနဲ့ သူတို့အတွက် အကာအကွယ်မရှိ သလောက် ဖြစ်သွားမှာပါ။ တကယ်လို့များ ကောဇ့်ဘဇားမှာ မကြုံစဖူး ဆိုင်ကလုန်း မုန်တိုင်း တည့်တည့် ၀င်တိုက်မယ် ဆိုရင်တော့ လေတိုက်တဲ့ ဒဏ်ကနေ သူတို့ကို ဘယ်လိုမှ အကာအကွယ် ပေးနိုင်မှာ မဟုတ်ပါဘူး။”

ဆိုင်ကလုံး ရာသီက ဧပြီလမှာ စပြီး မေလ အထိ ကြာမြင့်ပါတယ်။ အဲဒီနောက် အောက်တိုဘာလမှ ပြန်ပြီး ပေါ်လာတာပါ။ ကျရောက်လာနိုင်ခြေ ရှိတဲ့ ဘေးအန္တရာယ်ကနေ လူတွေကို တတ်နိုင်သလောက် ကာကွယ်ပေးနိုင်ဖို့ အတွက် ကြက်ခြေနီ ၀န်ထမ်းတွေနဲ့ စေတနာ့ ၀န်ထမ်းတွေ ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ လက်ရှိ အချိန်ထိ တာပေါ်လင်စတွေ၊ ကြိုးတွေနဲ့ ပစ္စည်း ကိရိယာတွေကို လူပေါင်း ၂ သိန်း အတွက် ဖြန့်ဝေပေးထားပြီလို့လည်း ကြက်ခြေနီ အဖွဲ့ ပြောခွင့်ရ Cochrane က ပြောပါတယ်။ ခိုလှုံရေး အိမ်ယာတွေကို ဘေးကင်းလုံခြုံမှု ရှိရှိ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ ထောင်နဲ့ချီတဲ့ လူတွေကို သင်တန်းပေးထားတယ်လို့လည်း သူက ပြောပါတယ်။ အရေးပေါ် အခြေအနေမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်ရေးနဲ့ ကြိုတင် သတိပေးမှုတွေကိုလည်း ဒုက္ခသည်တွေကို လေ့ကျင့် ပေးထား တယ်လို့လည်း ကြက်ခြေနီ အသင်း ပြောခွင့်ရက ပြောပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်တွေ အနေနဲ့တော့ သဘာဝ ဘေးဒဏ်ကနေ လွတ်အောင်ရှောင်ဖို့ နေရာမရှိတာကြောင့် ထိထိရောက်ရောက် သုံးနိုင်မယ့်ပုံ မရှိဘူးလို့လည်း ပြောပါတယ်။ နောက် ရေကနေ ကူးစက်တဲ့ ၀မ်းကိုက်ရောဂါနဲ့ ကာလ၀မ်း ရောဂါလိုမျိုး ကူးစက်ရောဂါတွေ အရေးကလည်း စိုးရိမ်စရာ တချက် ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။

“ရေကနေ တဆင့် ကူးစက်ရောဂါတွေ၊ တိရစ္ဆာန်တွေကနေ တဆင့် ကူးစက်ရောဂါ အန္တရာယ်တွေ ကတော့ အခုလို အရေးပေါ် အခြေအနေမှာ အကြီးအကျယ် စိုးရိမ်စရာ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ မိလ္လာ စနစ် မကောင်းတဲ့ ဒါမှမဟုတ်လည်း ရေသန့် မရနိုင်တဲ့ အခြေအနေမျိုးတွေမှာပါ။ နောက်ပြီး အထူးသဖြင့် ရေကြီးတဲ့ အခြေအနေမျိုးမှာ ဆိုရင် မိလ္လာနဲ့ ရေဆိုးမြောင်းတွေမှာ ရေကြီးလာပြီး အဲဒီ မသန့်တဲ့ ရေတွေ ကျသွားဖို့လည်း သတင်းပတ်နဲ့ချီပြီး ကြာမြင့်တတ်ပါတယ်။”

ပထမဆုံး ဦးစားပေး ဆောင်ရွက်ရမှာကတော့ လက်ရှိ ခိုလှုံရေး စခန်းတွေကို ပိုပြီး ခိုင်မာအောင် အမြန်ဆုံး ပြင်ဆင် ဆောက်လုပ်ဖို့ ဖြစ်တယ်လို့ Cochrane က ပြောပါတယ်။ ဆိုင်ကလုံးမုန်တိုင်း အတွက် အရေးပေါ် အစမ်းလေ့ကျင့်မှုတွေ လုပ်နေပြီး ရေသန့်၊ အိမ်သာနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စခန်းတွေကလည်း လိုအပ်သူတွေကို ကူညီပေးဖို့ ရှိနေတယ်လို့လည်း ကြက်ခြေနီ အသင်း ပြောခွင့်ရက ပြောပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းကျော်ထဲက ၈၂ ရာခိုင်နှုန်းက အဖြစ်ဆောက်ထားတဲ့ စခန်းတွေမှာ နေထိုင်နေရပြီး ရာသီဥတု ပြင်းထန် ဆိုးရွားမှုတွေကနေ ကာကွယ်ပေးဖို့ အတွက် ခိုင်မာတဲ့ ခိုလှုံရေး အိမ်ယာတွေ လိုအပ်နေတယ်လို့ ကြက်ခြေနီနဲ့ လခြမ်းနီ အသင်းများ နိုင်ငံတကာ ဖက်ဒရေးရှင်းရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG