သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေအပေါ် စစ်တပ်ကျူးလွန်ကြောင်း စွပ်စွဲမှု ဗိုလ်ချုပ်မှူးကြီး ပယ်ချ


 တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က လူမျိုးစုအလိုက်ရှင်းလင်းဖယ်ရှားမှု၊ လူမျိုးတုန်းသတ်ဖြတ်မှု စတဲ့ပြစ်မှုတွေကိုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိကြောင်း မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြတ်ပြတ်သားသား ငြင်းပယ်လိုက်ပြီး အဲဒီလို စွပ်စွဲချက်တွေဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိပါးတာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုငးမှာ ၂၀၁၇ခုနှစ် နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးပြီးတဲ့နောက် ပထမဆုံးအကြိမ် အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာစစ်တပ်အနေနဲ့ ဘာတွေဆောင်ရွက်ခဲ့တယ် ဆိုတာကို ဂျပန်နိုင်ငံ အခြေစိုက် The Asahi Shimbun သတင်းဌာနကို အသေးစိတ်ပြောကြားခဲ့တာပါ။ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်တဲ့ ဒီတွေ့ဆုံမေးမြန်းခန်းထဲကနေ မအင်ကြင်းနိုင်က ကောက်နုတ်တင်ပြမှာပါ။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က the Asahi Shimbun သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ၂၀၁၇ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ကနယ်မြေရှင်းလင်းရေး ဘာကြောင့် လုပ်ခဲ့ရသလဲဆိုတာကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ဖြစ်စဉ်ဖြစ်ခဲ့တဲ့ရက်တွေမှာဆိုရင် လူဦးရေ လူပေါင်းလေးငါးခြောက်ရာ လောက်ကနေ တစ်ထောင်ပတ်ဝန်းကျင်လောက်ရှိတဲ့လူတွေက လူပေါင်းနှစ်ဆယ်အစိတ်လောက်ရှိတဲ့ လုံခြုံရေး စခန်းတွေကိုတိုက်ခိုက်တာ၊ ကျေးရွာတွေကိုတိုက်ခိုက်တာ တော်တော်ကိုဆိုးရွားပါတယ်။

ဒါတွေကို ကျွန်တော်တို့က အကုန်လုံးလည်းရှင်းပြတယ်။ စုံစမ်းစစ်ဆေးရေးသွားလုပ်တဲ့အခါမှာလည်းပေါ်တယ်။ တွေ့လည်းတွေ့၊ ဖြစ်စဉ်တွေသက်သေထားပြီးလည်းပြတယ်။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်ဖို့တော့ လုပ်မှာပဲ။ သူတို့တိုက်ခိုက်မှုကို ကိုယ်ကမခုခံဘူးဆိုရင် မကာကွယ်ဘူးဆိုရင် ကိုယ့်တိုင်းရင်းသားတွေလည်း သေမှာပဲ။ အဲဒီမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း သေမှာပဲ။ လည်စင်းခံရမယ့် သဘောတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကတော့ ကျွန်တော်တို့ တုံ့ပြန်မှုတော့လုပ်ရလိမ့်မယ်။ ဒီမှာလည်း ခုန ဘင်္ဂါလီ လူထုကနေပြီးတော့ တိုက်တယ်လို့ပြောတယ်ထင်ပါတယ်။

ARSA အဖွဲ့တွေလည်း နောက်ကနေ ပူးပေါင်းပါဝင်မှုရှိတယ်လို့ သူတို့ဗီဒီယို မှတ်တမ်းတွေလည်း ကျွန်တော်တို့ရှိတယ်။ အဲတော့ သူတို့လက်နက်ကိုင်ထားတာလည်း တုတ်တွေ၊ ဓားတွေပါတယ်။ လက်လုပ်ဗုံးတွေပါတယ်။ သေနတ်တွေပါတယ်။ ဆိုတော့ ဒါတွေဟာ အကုန်လုံး လူတွေကိုသေစေနိုင်တဲ့ဟာတွေပဲဖြစ်တယ်။

သေစေနိုင်တဲ့ ဟာကိုတော့ ကျွန်တော်တို့ ဒီအတိုင်းခေါင်းငုံ့ခံလို့တော့မရဘူးဆိုတာလေးလည်း ခင်ဗျားသဘောပေါက်ပါ လိမ့်မယ်။ ဒါတုံ့ပြန်တာကတော့ တချို့ဟာတွေမှာလည်း မလုပ်ရဲအောင်လုပ်ရတာလည်း ရှိကောင်းရှိနိုင်တာပေါ့။ သို့သော်လည်း ဥပဒေ ချိုးဖောက်ပြီး လုပ်တယ်ဆိုရင်လည်း ကျွန်တော်တို့ အရေးယူတာတွေရှိပါတယ်။”

အခုလို နယ်မြေရှင်းလင်းစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေကိုညှမ်းပမ်းနှိပ်စက်သတ်ဖြတ်တာ၊ ရွာတွေကို မီးရှို့တာ၊ အတင်းအဓမ္မပြုကျင့်တာ စတာတွေကို မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကို မြန်မာဘက်က အမြဲ ပယ်ချခဲ့ပေမယ့် The Asahi Shimbun နဲ့တွေ့ဆုံမေးမြန်းခန်းအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ ကျူးလွန်ကောင်း ကျူးလွန်နိုင်မယ်လို့တော့ အခုလိုပြောပါတယ်။

“မုဒိမ်းမှုနဲ့ပတ်သက်တာကို အဲဒီမှာလည်းလုံခြုံရေးအဖွဲ့တွေက လုပ်တယ်ဆိုပြီးတော့ စွပ်စွဲတယ်။ လုံခြုံရေးအဖွဲ့တွေက ဆိုးသွမ်းမိုက်မဲတဲ့လူမှမဟုတ်တာဘဲ။ ကျွန်တော်တို့စည်းနဲ့ကမ်းနဲ့နေရတာ။ စည်းနဲ့ကမ်းနဲ့ နေရတာ ပိုတောင်မဖြစ်နိုင်ပါဘူး။

သို့သော်လည်း ဆွမ်းဆန်ထဲကြွက်ချေးရောဆိုတဲ့ ဥပမာလိုပဲ တချို့ဟာတွေတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ယောက်နှစ်ယောက်စတော့ဖြစ်နိုင်ပါတယ်။ လုံးဝ absolute ကျွန်တော်မပြောဘူး။ တချို့ဟာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ ရိုက်တာနှက်တာတွေဖြစ်နိုင်တယ်။ လုယက်တာတွေ ဖြစ်နိုင်တယ်။ အဓမ္မမှုလည်း ဖြစ်ကောင်းဖြစ်နိုင်တာပေါ့။ သို့သော် သက်သေပြန်ပြ၊ ကျွန်တော်တို့ကို အထောက်အထားနဲ့ပြ။ ကျွန်တော်တို့အရေးယူမယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ လူသိက္ခာကျအောင် လျှောက်ပြောတာမျိုးဆိုတာတော့ ဒါတော့မဖြစ်နိုင်ဘူး။ မကောင်းဘူးပေ့ါ။”

အခုလို ၂၀၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ၇၃၀,၀၀၀ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ ကုလသမဂ္ဂက ဖေါ်ပြထားတဲ့ စာရင်းနဲ့ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှန်ကန်မှုမရှိကြောင်း အခုလိုပြောပါတယ်။

“လူခုနစ်သိန်းဆိုတာ သူတို့ကပြောတဲ့ကိန်းဂဏန်းပေါ့။ ကျွန်တော်တို့ ဆီမှာလည်း တရားမဝင် နေထိုင်တဲ့သူတွေ စာရင်းကောက်ခံထားတာ ရှိပါတယ်။ လက်ရှိကျန်တဲ့သူတွေ စာရင်းကောက်ခံ ထားတာရှိတယ်။ ဒီဟာတွေ Difference လုပ်လိုက်လို့ရှိရင် မြန်မာနိုင်ငံကနေ ပျောက်သွားတဲ့သူတွေပေါ့၊ အဲဒီနေရာမှာလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးသွားတဲ့ သူလည်းရှိသလို ပင်လယ်လမ်းကြောင်းကနေပြီးတော့ အောက်ကို ထွက်ပြေးတဲ့သူလည်းရှိမယ်။

အကြောင်းအမျိုးမျိုးနဲ့ ဒီက တခြားဒေသတွေကို သွားတဲ့သူလည်းရှိနိုင်ပါတယ်။ ဒါကြောင့် ဒီ Figure ကတော့ မဟုတ်ဘူး ဆိုတာပြောချင်တယ်။ အဲဒီတော့ ဒီမှာလည်း သူတို့က ခုနစ်သိန်းဆိုပေမယ့် ဒီလူတွေက မြန်မာနိုင်ငံက နိုင်ငံသားတွေ ဆိုပြီးတော့ တစ်ထစ်ချပြောလို့လည်းမရဘူး။ ကျွန်တော်တို့ ဒီလူတွေကို ဘယ်လိုမှ စိစစ်လို့ မရသေးဘူး။ စိစစ်ဖို့ တာဝန်ရှိတယ်။ အဲဒါ ကျွန်တော်တို့ စစ်ပြီးလက်ခံဖို့ ကျွန်တော်တို့ ပြောထားတာရှိတယ်။ အဲတော့ ဒီလူတွေကလည်း သူတို့ပြေးရတဲ့ အကြောင်းရင်းကို ပြောတဲ့အခါကျရင်လည်း သနားအောင်ပြောမှာပေါ့နော်။”

ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မောင်းထုတ်ခဲ့မှုကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ စတင်ကိုင်တွယ်စစ်ဆေးနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလိုတုန့်ပြန်ပြောကြားခဲ့ပါတယ်။

“ဥပမာအားဖြင့် ethnic Cleansing လုပ်တယ်။ ခုန ICC က စွပ်စွဲတာတွေရှိတာပေါ့။ ကျွန်တော်တို့ ICC အဖွဲ့ဝင်မဟုတ်ဘူး။ ကျွန်တော်တို့ ICC နဲ့ပတ်သက်ပြီး ဘာမှလိုက်နာစရာ အကြောင်းမရှိဘူး။ သူ့ဟာသူပြောချင်ရာပြောပါစေ။ ကျွန်တော်တို့လည်း ကိုယ့်နိုင်ငံရဲ့Sovereignty အရပဲ ကျွန်တော်တို့သွားရတာပဲ။ ကျွန်တော်တို့ကို လာပြီးခြိမ်းခြောက်လို့လည်း မရဘူး။ အဲဒီတော့ ဆိုလိုချင်တာကတော့ ဥပဒေနဲ့အညီ ကျွန်တော်တို့ကိုပြောပါ။ ကျွန်တော်တို့ဥပဒေနဲ့အညီ လုပ်ပေးနေတယ်။ ကျွန်တော်တို့ ဘက်က ဥပဒေနဲ့ မညီဘူးဆိုရင်လည်း ကျွန်တော်တို့ကို ပြောပြလို့ရတယ်။ အဲဒါဆိုရင်တော့ မဟုတ်ဘူး။ အဲဒီတော့ သူတို့ဘက်က အမြင်နဲ့ ကိုယ့်ဘက်ကအမြင်နဲ့ ကျွန်တော်တို့ပြောမယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုရဲ့ ဥပဒေကတော့ သူ့နိုင်ငံမှာ အာဏာရှိရမယ်။ သက်ရောက်ရမယ်။ သူများနိုင်ငံက ဥပဒေ လာပြီးတော့ ကျွန်တော်တို့ကို ခင်ဗျား သူတို့နိုင်ငံက ဥပဒေကို လိုက်နာရမယ်။ သူတို့ရဲ့စည်းကမ်းကိုလိုက်နာရမယ် လာပြောလို့မရပါဘူး။

ဒါကျွန်တော်တု့ိရဲ့ အချုပ်အခြာအာဏာပဲ မဟုတ်ဘူးလား။”

လိုက်နာစရာ အကြောင်းမရှိဘူးဆိုပြီး မျက်ကွယ်ပြုတာလည်းမဟုတ်ဘူး။ နိုင်ငံတကာကနေပြီးတော့ လက်သင့်ခံနိုင်တဲ့ဖြစ်နိုင်တဲ့ဟာမျိုး ဆိုရင်တော့ ကျွန်တော်တို့က လက်သင့်ခံနိုင်တဲ့အခြေအနေမျိုးရှိတယ်ဆိုရင်တော့ လိုက်နာမှာဖြစ်ပါတယ်။”

နောက်လ မတ်လအတွင်းမှာတော့ ရိုဟင်ဂျာ အရေးနဲ့ပတ်သက်ပြီး အမှုတည်ဆောက်နိုင်ရေးအတွက် ပဏာမ စုံစမ်းစစ်ဆေးဖို့ ဘင်္ဂလားဒေ့ရှ်ကို ICC ရှေ့နေချုပ် Fatou Bensouda ဦးဆောင်တဲ့ အဖွဲ့ သွားရောက်ဖို့ရှိပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်တွေအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အခြားတာဝန်ရှိသူတွေကို စစ်ဆေးအရေးယူရေးကိစ္စမှာ ရိုဟင်ဂျာတွေ နေရပ်မပြန်နိုင်ခင် နိုင်ငံတကာအနေနဲ့ အရေးယူနိုင်ဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီလီက ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG