သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာနိုင်ငံသားရရှိခွင့် အာဆီယံဝင်မစွက်သင့် - စင်ကာပူနိုင်ငံခြားရေးဝန်ကြီး


စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာဒုက္ခသည်တွေ နိုင်ငံသားဖြစ်ရေးအခွင့်အရေးဟာ မြန်မာနိုင်ငံက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်ပြီး၊ အခြားနိုင်ငံတွေက ဝင်ရောက်စွက်ဖက်တာမျိုး မသင့်ဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ ဒုက္ခသည်တွေရဲ့ ဆန္ဒနဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးရမှာမို့၊ အာဆီယံအနေနဲ့ ဒီလုပ်ငန်းစဉ်ဖြစ်လာဖို့ ဘေးက အကူအညီပေးနိုင်တဲ့အဆင့်မှာပဲရှိမယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက စင်ကာပူပါလီမန်မှာ ပြောသွားပါတယ်။ ကိုသားညွန့်ဦးက ဒီအကြောင်း တင်ပြပေးမှာပါ။

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေတောင်းဆိုထားတဲ့ နိုင်ငံသားဖြစ်ရေးကိစ္စ နဲ့ပတ်သက်လို့ အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း)အနေနဲ့ ထဲထဲဝင်ဝင် ဆွေးနွေးသွားနိုင်ချေ ရှိမရှိ ဆိုတာကို စင်ကာပူ လွှတ်တော်အမတ်တဦးက မေးမြန်းရာမှာ၊ အမှန်အတိုင်းပြောရရင် မဖြစ်နိုင်ဘူး ဆွေးနွေးဖို့မရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က စင်ကာပူ ပါလီမန်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖြေဆိုခဲ့ပါတယ်။ ဒီအစား သူ ဒုက္ခသည်တွေအတွက် ကျန်းမာရေး ပညာရေး အထောက်အပံ့တွေကို ပေးဖို့ အာဆီယံက ပြင်ဆင်ထားတယ်လို့လည်း ပြောပါတယ်။ တကယ်တော့ နိုင်ငံသားဖြစ်ရေးကိစ္စမှာ အခြားနိုင်ငံတွေက ဝင်ရောက်မပတ်သက်သင့်ဘူးလို့ Mr.Balakrishnan က စင်ကာပူ ပါလီမန်မှာ ရှင်းပြခဲ့ပါတယ်။

“ နိုင်ငံသားဖြစ်မှုကိစ္စဟာ အခြေခံအကျဆုံး နိုင်ငံရေးအခွင့်အရေးဖြစ်ပါတယ်။ အဲဒါဟာ အချုပ်အချာ အာဏာကိစ္စဖြစ်ပါတယ်။ တိုင်းပြည်တခုကို ဘယ်လိုတည်ဆောက်မလဲဆိုတာ သတ်မှတ်ပိုင်းခြားတဲ့ကိစ္စပါ။ ဘယ်သူက အတွင်းလူ ဘယ်သူကတော့ အပြင်လူဆိုပြီး သတ်မှတ်ကြတဲ့ကိစ္စပါ။ ဒီလောက်အခြေခံကျတဲ့ ကိစ္စဖြစ်တာမို့ နိုင်ငံရေးစနစ်တွေနဲ့အညီ ကိုယ့်တိုင်းပြည်ကပဲ ကိုယ်ဆုံးဖြတ်ရတာပါ။ ဒီကိစ္စမျိုးမှာ နိုင်ငံခြားသားတွေ ဝင်ရောက်ပတ်သက်ဖို့ မသင့်ပါဘူး။”

မြန်မာနိုင်ငံရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ စင်ကာပူပါလီမန်မှာ လွှတ်တော်အမတ်တွေက မေးမြန်းခဲ့တာတွေအပေါ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဖြေဆို သွားခဲ့တာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇-၁၈ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးမှာ ရခိုင်ပြည်နယ်ကိစ္စကို အလွတ်သဘော ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ခဲ့ကြတယ်လို့လည်း ပြောပါတယ်။ အဓိကအချက်ကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စပါ။ ဒါပေမယ့်လည်း ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ကိစ္စကိုလည်း စင်ကာပူဖြစ်စေ အာဆီယံကဖြစ်စေ ရက်သတ်မှတ်ဆောင်ရွက်လို့မရပဲ၊ ဒုက္ခသည်တွေရဲ့ အခြေအနေအပေါ် မူတည်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

“ကျနော် အဓိကပြောချင်တာကတော့ စင်ကာပူအနေနဲ့ရော အာဆီယံအနေနဲ့ပါ ဒီဒုက္ခသည်တွေနေရပ်ပြန်ရေးအတွက် ဘယ်တော့စတင်မလဲဆိုတာကို ရက်သတ်မှတ်ပေးလို့ -အတင်း တွန်းအားပေးလို့ မရပါဘူး။ ဒီလုပ်ငန်းစဉ်ဟာ ဒုက္ခသည်တွေဆန္ဒအတိုင်းဖြစ်တယ်၊ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးကိစ္စဖြစ်တယ်ဆိုတာကို (အရင်ဆုံး) ဒုက္ခသည်တွေဖက်က ယုံကြည်လာမှ ဖြစ်မှာပါ။”

အာဆီယံအသင်းအနေနဲ့ကတော့ ဒီလို နေရပ်ပြန်ရေး အစီအစဉ်ဖြစ်လာရင် အကူအညီပေးနိုင်ဖို့ အသင့်ပြင်ထားသလို၊ ဒုက္ခသည်တွေ ဘ၀ ပြန်လည်ထူထောင်ရေးမှာလည်း အကူအညီတွေပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီအတွက်လည်း ဒုက္ခသည်တွေကို ဘယ်လို အကူအညီပေးနိုင်မလဲဆိုတာ အကဲဖြတ်နိုင်ဖို့ လူသားချင်းစာနာကူညီမဆိုင်ရာအာဆီယံအဖွဲ့ တဖွဲ့ စေလွှတ်ဖို့ရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် လက်ရှိကြုံနေရတဲ့ ဒေသတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ခရီးစဉ် ယာယီရွေ့ဆိုင်းထားရတယ် လို့ပြောပါတယ်။ သူ ကိုယ်တိုင်ကတော့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ဒုက္ခသည်တွေစခန်းတွေကိုရောက်ခဲ့သလို ဘင်္ဂလားဒေ့ရ်ှဝန်ကြီးချုပ်ကိုရော မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုပါ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

မြန်မာရော ဘင်္ဂလားဒေ့ရ်ှခေါင်းဆောင်ပိုင်းတွေမှာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို မဖြစ်ဖြစ်အောင် ဆောင်ရွက်မယ်လို့ ပိုင်းဖြတ်ထားတဲ့အကြောင်းပြောပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်တွေပိုင်းမှာ ကြုံနေရတဲ့ အပိုင်း နှစ်ပိုင်းရှိတယ်လို့ သူက ယူဆပါတယ်။ တခုကတော့ ဒုက္ခသည်တွေပြန်ရင် သူတို့မိသားစုတွေရဲ့ လုံခြံုံရေးဖြစ်ပြီး၊ ဒုတိယတချက်ကတော့ သူတို့ပြန်ရင် ဘယ်လိုရှာဖွေစားသောက်မလဲဆိုတဲ့ စားဝတ်နေရေးကိစ္စဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ရခိုင်က မွတ်ဆလင်ဒုက္ခသည်အရေးဟာ လျင်လျင်မြန်မြန်ဖြေရှင်းလို့အဖြေထွက်မယ့်ကိစ္စမဟုတ်ဘူးလို့ သူ့အမြင်ကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေရ်ှမှာ ရောက်နေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနေရပ်ပြန်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှအကြား သဘောတူခဲ့ပြီး မနှစ် နိုဝင်ဘာလက အကောင်အထည်ဖော်ဖို့ ကြိုးစားပေမယ့် ဒုက္ခသည်တွေဖက်က လိုက်ပါ ပါဝင်ခြင်းမရှိလို့ အစီအစဉ်ပျက်ခဲ့ရပါတယ်။ ဘယ်တော့ အစီအစဉ်ပြန်စ မလဲဆိုတာလည်း မပြောနိုင်သေးပါဘူး။ ကုလသမဂ္ဂဖက်ကတော့ ဒုက္ခသည်တွေနေရပ်ပြန်ရေးဟာ သူတို့ဆန္ဒအတိုင်းဖြစ်ဖို့၊ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးဖြစ်ဖို့နဲ့ သူတို့လုံခြုံရေးကို အာမခံဖို့ လိုမယ်လို့ ဆိုနေပါတယ်။

အာဆီယံအဖွဲ့အတွင်းမှာလည်း မွတ်ဆလင်နိုင်ငံတွေရှိနေတာမို့ အခု ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာကိစ္စမှာ အာဆီယံ စိတ်ဝင်စားမှုရှိနေပါတယ်။ အာဆီယံအစည်းအဝေးတိုင်းမှာ တရားဝင်သဘောတော့မဟုတ်ပဲ အလွတ်သဘော ဆွေးနွေးကြတာများပါတယ်။ ဒါပေမယ့်လည်း ရိုဟင်ဂျာအရေးနဲ့ပတ်သက်လာရင် အာဆီယံအဖွဲ့ဝင် မလေးရှားနိုင်ငံဖက်က မြန်မာအပေါ် ဖိအားပေးမှုတွေရှိနေသလို၊ မလေးရှားခေါင်းဆောင်တွေ က ဒီကိစ္စအပေါ် မြန်မာခေါင်းဆောင်တွေကို ဗြောင်ကျကျ ဝေဖန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG