သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှက ထုတ်လွှင့်တဲ့ ရိုဟင်ဂျာရေဒီယို


ရိုဟင်ဂျာရေဒီယို (UNIFEED)
ရိုဟင်ဂျာရေဒီယို (UNIFEED)

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ရေး အတွက် သတင်းအချက်အလက်တွေ စုဆောင်းပြီး အကြံညဏ်ပေး တင်ဆက်တဲ့ ရေဒီယို အစီအစဉ် တခု ရှိနေပါပြီ။ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး မရေရာသေးတဲ့ ကာလအတွင်း ဒုက္ခသည်တွေ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးနေတဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။ UNIFEED သတင်းတပုဒ်ကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

ဘင်္ဂလားဒေရှ့်နိုင်ငံက ကွန်မြူနတီ ရေဒီယို ဌာန တခုဖြစ်တဲ့ Radio NAF က ရိုဟင်ဂျာ ဒုက္ခသည်တွေ သိထားရမယ့် သတင်းအချက်အလက်တွေကို ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ကုတုပလောင် ဒုက္ခသည် စခန်းမှာ ခိုလှုံနေသူ တဦးဖြစ်တဲ့ အသက် ၁၈ နှစ် အရွယ်Abdullah က အသံလွှင့် သတင်းထောက် အဖြစ် တာဝန်ထမ်းနေတာပါ။

"ရေဒီယို ဌာန အနေနဲ့ စခန်းတွင်းမှာ နေထိုင်နေကြတဲ့သူတွေ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ပေးရပါတယ်။ သတင်းအချက်အလက်တွေ ထုတ်လွှင့် ပြောဆိုပေးရတာပါ။"

ဘင်္ဂလားဒေရှ့်နိုင်ငံ ကောဇ်ဘဇားက ကုတုပလောင် ဒုက္ခသည် စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းကျော် ရှိနေတာပါ။ အသံလွှင့် သတင်းထောက် Abdullah က တကိုယ်တော် ရေဒီယို အစီအစဉ်တွေ လုပ်တာပါ။ ကုတုပလောင် ဒုက္ခသည် စခန်းတွင်းက အခက်အခဲတွေ ဒုက္ခသည်တွေ အခြေအနေကို သတင်းထုတ်လွှင့်တဲ့ တခုတည်းသော ရေဒီယို အစီအစဉ်လည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ စိုးရိမ်ပူပန်မှုတွေ အခက်အခဲတွေကို ထုတ်လွှင့်တဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် Abdullah ရဲ့ အစီအစဉ်ကိုတော့ TekNaf မြို့မှာ ရှိတဲ့ Radio NAF ဌာနချုပ်ရဲ့ အပတ်စဉ် ကဏ္ဍ အဖြစ် ထုတ်လွှင့်နေတာပါ။ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေ ဖြစ်တဲ့ အမိုးအကာ၊ ကျန်းမာရေး၊ တကိုယ်ရေး သန့်ရှင်းရေးနဲ့ ပညာရေးဆိုင်ရာ လိုမျိုး ကိစ္စတွေကို ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာတွေကို သတင်းအချက်အလက်တွေ အခြေခံပြီး အကြံညဏ်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။ Radio NAF ရဲ့ အစီအစဉ်တွေကို စီစဉ်သူ Rashidul Hasan က အခုလို ပြောပါတယ်။

"ဒီမှာက ပြသနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာ ၁ သန်း ၃ သိန်း ရှိပါတယ်။ နေစရာ ပြသနာ၊ ကျန်းမာရေး၊ ရေရရှိရေး၊ တကိုယ်ရေ သန့်ရှင်းရေး ပြသနာက အစုံပါဘဲ။ သူတို့ကို အားပေး ကူညီပေးဖို့ လိုနေတာပါ။"

အသံလွှင့် သတင်းထောက် Abdullah ကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးအခုလို စီစဉ်ထုတ်လွှင့်နေရတဲ့ အပေါ် ကျေနပ်နေသူပါ။

"ရေဒီယို ဌာနမှာ ပြန်ပြီး သင်ယူရတာတွေလည်း အများကြီးပါ။ နောက် အရေးကြီး သတင်းအချက်အလက်တွေကိုလည်း ကိုယ့် အသိုင်းအဝိုင်းတွင်း ပြန်ပြီး ဖြန့်ဝေပေးနေပါတယ်။ ဒီအလုပ်လုပ်နေတာကို မိဘတွေကလည်း သိပ် သဘောကျကြပါတယ်။"

ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းအတွင်း မူဆလင် အများစု နေထိုင်ရာ ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသတွင်းက လုံခြုံရေး စခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက်ပိုင်း နယ်မြေ ရှင်းလင်းမှုတွေ အတွင်း ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြရတာပါ။ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တာ တနှစ်ပြည့်ခဲ့ပြီ ဖြစ်ပေမယ့် ဒီလူတွေ ဌာနေပြန်နိုင်ရေး အခြေအနေကလည်း အခုအချိန်ထိ ရေရေရာရာ မရှိသေးပါဘူး။မြန်မာ အစိုးရဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို နိုင်ငံသား ဖြစ်ခွင့်ကိုလည်း အာမခံချက် မပေးပါဘူး။ ဒါပေမယ့် မြန်မာဘက်က ထွက်ပြေးရသူ အားလုံးကို ပြန်ပြီး လက်ခံမယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကတော့ ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်တဲ့ အခြေအနေမျိုး မရှိသေးဘူးလို့ ပြောဆိုနေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG