ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တနင်္ဂနွေနေ့ကကျင်းပတဲ့အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Sheikh Hasina ဦးဆောင်တဲ့ပါတီက အပြတ်အသတ်အနိုင်ရခဲ့တဲ့အတွက် အစိုးရဖွဲ့နိုင်ရေးပြင်ဆင်နေပါပြီ၊ ဒါဟာ Awami League ပါတီဦးဆောင်တဲ့ အစိုးရသက်တမ်း ၃ ကြိမ်ဆက်တိုက်အတွက် အစိုးရဖွဲ့နိုင်ရေးပြင်ဆင်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ ဦးဆောင်ပါတီအနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲကတော့ အကြမ်းဖက်မှုတွေဖြစ်ခဲ့ပြီး၊ မဲသမာမှုတွေရှိတယ်ဆိုတဲ့ သံသယတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ မဲလိမ်တာတွေနဲ့ မဲဆန္ဒရှင်စာရင်းတွေမမှန်မကန်လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပြင်၊ ဦးဆောင် Awami League ပါတီထောက်ခံသူတွေက အတိုက်အခံပါတီ မဲရုံတာဝန်ကျသူတွေကို မဲရုံတွေထဲဝင်ခွင့်မပေးဘဲ ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။
JOF လို့ခေါ်တဲ့ အကြီးမားဆုံး အတိုက်အခံညွန့်ပေါင်းအဖွဲ့ကတော့ တနင်္ဂနွေနေ့ကရွေးကောက်ပွဲဟာ တရားမဝင်လို့ ပယ်ဖျက်ကြောင်းကြေညာဖို့ တောင်းဆိုလိုက်ပါတယ်။ JOF ဥက္ကဋ္ဌ Kamal Hossein က နိုင်ငံတဝန်းလုံး မဲဓါးပြ အတိုက်ခံရတယ်လို့ပြောဆိုလိုက်ပါတယ်။
ဗရုတ်သုက္ခနိုင်လှတဲ့ဒီရွေးကောက်ပွဲရဲ့ ရလာဒ်ကိုလက်မခံကြောင်းနဲ့ ဘက်မလိုက်တဲ့အစိုးရတရပ်ကနေ ရွေးကောက်ပွဲအသစ်ထပ်ကျင်းပဖို့ JOF အတိုက်အခံညွန့်ပေါင်းအဖွဲ့ကတောင်းဆိုနေပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအာဏာပိုင်တွေကတော့ တနင်္ဂနွေနေ့ကကျင်းပတဲ့ရွေးကောက်ပွဲမှာ မဲသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်ကို လက်မခံဘဲ၊ သူတို့ထုတ်ပြန်တဲ့ ရလာဒ်ဟာအတည်ဖြစ်တယ်လို့ ပြောဆိုနေပါတယ်။