သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကို လက်နက်တပ်ဆင်ဖို့ ဘင်္ဂလားအစွန်းရောက်တွေ တောင်းဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြန်မာနိုင်ငံ ရခိုင်က ရိုဟင်ဂျာများအရေး အစ္စလာမ်ဘာသာဝင်များ ဆန္ဒပြနေကြစဉ်။ ( စက်တင်ဘာ ၁၅-၂၀၁၇)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြန်မာနိုင်ငံ ရခိုင်က ရိုဟင်ဂျာများအရေး အစ္စလာမ်ဘာသာဝင်များ ဆန္ဒပြနေကြစဉ်။ ( စက်တင်ဘာ ၁၅-၂၀၁၇)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သဘောထားပြင်းထန်တဲ့ အစ္စလာမ်ဝါဒီ ထောင်ပေါင်းများစွာဟာ သောကြာနေ့က စစ်တကောင်းမြို့မှာ ချီတက်ဆန္ဒပြပြီး မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာမွတ်စလင်ဒုက္ခသည်တွေကို လက်နက်တပ်ဆင်ပေး ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုကြပါတယ်။

ဆန္ဒပြပွဲကို သဘောထားတင်းမာတဲ့ အစ္စလာမ်ဝါဒီ Hafazat-e-Islam အဖွဲ့က ကမကထပြုစီစဉ်တာဖြစ်ပြီး ဆန္ဒပြသူ ၁၅,၀၀၀ ထိ ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရိုဟင်ဂျာတွေကို အစုအပြုံလိုက်သတ်ဖြတ်နေတာ ရပ်ဆိုင်းဖို့ တောင်းဆိုတယ်လို့ Hafazat အဖွဲ့ရဲ့ ပြောခွင့်ရ Azizul Hoque Islamabad က AFP သတင်းဌာနကိုပြောပါတယ်။

ရိုဟင်ဂျာတွေအနေနဲ့ သူတို့အမိမြေကို လွတ်မြောက်အောင် လုပ်နိုင်ဖို့အတွက် သူတို့ကို လေ့ကျင့်ပြီး လက်နက်တပ်ဆင်ပေးဖို့လဲ အစိုးရကို တောင်းဆိုတယ်လို့ သူကပြောပါတယ်။

စစ်တကောင်းမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် လူမှုအဝန်းအဝိုင်းဟာ ရိုဟင်ဂျာတွေနဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်မှုနဲ့ ဘာသာစကားတွေမှာ နီးစပ်ကြပါတယ်။ Hafazat အဖွဲ့အပါအဝင် အစ္စလာမ်ဝါဒီ ပါတီတွေဟာ ရိုဟင်ဂျာကိစ္စနဲပတ်သက်ပြီး မကြာသေးခင် သီတင်းပတ် တွေအတွင်း ဆန္ဒပြ ပွဲ အတော်များများလုပ်ခဲ့ကြပါတယ်။

နှိပ်စက်ခံနေရတဲ့ ရိုဟင်ဂျာတွေကိုကူညီပြီး ရခိုင်ပြည် လွတ်မြောက်ရေး အတွက် မြန်မာနိုင်ငံကို စစ်တိုက်ဖို့ သဘောထားတင်းမာတဲ့ ခေါင်းဆောင်တချို့က ဘင်္ဂလားဒေ့ရှ်အစိုးရကို တောင်းဆိုတာတွေ တောင်မှရှိပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာလို့ မသုံးနှုန်းသလို မြန်မာလူထုအများစုကလဲ ဘင်္ဂါလီလို့ပဲ ခေါ်ဝေါ် ပြောဆို ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG