သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသခံတွေ အကြမ်းဖက်ရန် စိုးရိမ်နေကြဆဲ


ရခိုင်မြောက်ပိုင်း မောင်တောဒေသတွင်း မီးလောင်မှုဖြစ်ပွားနေစဉ်။
ရခိုင်မြောက်ပိုင်း မောင်တောဒေသတွင်း မီးလောင်မှုဖြစ်ပွားနေစဉ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောမြို့မှာ ၂ရက်အတွင်းမီးလောင်မှု ၄ကြိမ်ဖြစ်ပွားခဲ့ပြီးဒီမီးလောင်မှုမှာ စုစုပေါင်းလူနေအိမ် နဲ့ မြေစိုက်တဲ၂၅လုံး ဆုံးရှုံးခဲ့ပါတယ်။ ဒေသခံတွေက အကြမ်းဖက်သမားတွေက ဝင်ရောက်မီးရှိုတာလို့ ယူဆသလို မြို့အတွင်းကို အကြမ်းဖက်တိုက်ခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မောင်တောမြို့မှာ သီတင်းကျွတ်လပြည့်နေ့နဲ့ လပြည့်ကျော်တရက်နေ့မှာ မီးလောင်မှု ၄ကြိမ်ဖြစ်ပွားခဲ့တာပါ။ လပြည့်နေ့ (ကြာသပတေးနေ့)က ညပိုင်းတကြိမ်အပါအဝင် ၃ကြိမ်ဖြစ်ပြီး ဒီကနေ့ နေ့ခင်းမှာ တကြိမ်ထပ်မံလောင်ကြွမ်းခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ မီးလောင်ကြွမ်းတဲ့အခြေအနေကို မောင်တောမြို့နယ် မီးသတ်ဦးစီးမှုးသန့်ဇင်က အခုလို ပြောပါတယ်။

“ မနက်ကတော့ မီးကြွင်းမီးကျန်ကပဲ လောင်တာ။ မြေစိုက်အိမ်လေးတွေ ၈လုံးတော့ ကုန်သွားတယ်။ လောင်ချိန် ၁၂နာရီ ၁၅၊ ၁၂-၃၀မှာ မီးထိန်းတယ်။ ၁၂-၄၀မှာ မီးငြိမ်းတယ်။ ညကလည်း ၁၅လုံး၊ ”

သီတင်းကျွတ်လပြည့်နေ့ ကြာသပတေးနေ့က မနက် ၁၁နာရီလောက်မှာ ရပ်ကွက်၅ ရွာသစ်ကေ အရှေ့ရွာမှာ နေအိမ်တလုံး၊ ညနေ ၄နာရီလောက်မှာ မြို့မမြောက် မြို့ဦးမှာ နေအိမ် ၁လုံးနဲ့ ည ၉နာရီလောက်မှာ မြို့မမြောက် ရုပ်ရှင်ရုံလမ်းမှာ နေအိမ် ၁၅လုံးလောင်ကြွမ်းခဲ့ကြောင်း ပြောပါတယ်။ ဒီကနေ့ နေ့ခင်း ၁၂နာရီမှာ ထပ်မံလောင်ကြွမ်းတာကတော့ မနေ့ညက မီးလောင်ခဲ့တဲ့ မြို့မမြောက် ရုပ်ရှင်ရုံလမ်းမှာဖြစ်ပါတယ်။

ဒီမီးလောင်မှုတွေနဲ့ပတ်သက်ပြီး ကြာသပတေးနေ့က ပထမမီးလောင်မှုကို ပေါ့ဆမီးအဖြစ်သတ်မှတ်ပြီး ကျန် လောင်ကြွမ်းမှု ၃ကြိမ်ကို ရှို့မီးအဖြစ် မြို့မ ရဲစခန်းက အမှုဖွင့်ထားကြောင်းလည်း မောင်တောမြို့နယ် မီးသတ်ဦးစီးမှုးကပြောပါတယ်။

“ မြို့မရဲစခန်းကတော့ ရှို့မီးအနေနဲ့ စုံစမ်းစစ်ဆေးဆဲပဲပေါ့။ မီးရှို့တာတော့ မှန်တယ်။ ဘယ်သူရှိုတယ်ဆိုတာတော့ စုံစမ်းစစ်ဆေးနေဆဲပဲ။”

မောင်တောမြို့က ဒေသခံတဦးကတော့ အကြမ်းဖက်သမားတွေက လာရောက်ရှို့တာလို့ ယူဆပြီး ARSAအဖွဲ့က လာရောက်တိုက်ခိုက်မှာကို စိုးရိမ်နေရကြောင်း အခုလို ပြောပါတယ်။

“ သူတို့ အိမ်တွေ ရှို့ပြီးတော့ ကျနော်တို့ တိုင်းရင်းသားအိမ်တွေ ဘယ်နေ့ လာရှို့မလဲ စိုးရိမ်နေရတာ။ လုံခြုံရေးကတော့ ရှိတော့ ရှိတာပေါ့။ အလှမ်းနည်းနည်းဝေးတဲ့နေရာမှာ ရှိတယ်။ မြို့တွင်းကျတယ် အခုမီးရှို့တာက ၊ လေတွေဘာတွေ မြို့တွင်းကို တိုက်ရင်တော့ တမြို့လုံးသွားပြီ။ ဘယ်နေ့က ARSA က အလုံးအရင်းနဲ့ လာပြီးတော့ ဆော်မလဲဆိုတာ စောင့်ကြည့်နေရတယ်။ ”

မီးလောင်မှုဖြစ်ပွားတဲ့ မြို့မ မြောက်ရပ်ကွက်ဟာ မူဆလင်နဲ့ တိုင်းရင်းသားတွေ ရောနှောနေထိုင်တဲ့ ရပ်ကွက်လည်း ဖြစ်ပါတယ်။ သြဂုတ်လ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာ မူဆလင်နေအိမ် ၃၀လောက် မီးလောင်ကြွမ်းခဲ့ကြောင်းလည်း ပြောပါတယ်။

အခြားဒေသခံတိုင်းရင်းသားတဦးကလည်း အကြမ်းဖက်သမားတွေ တိုက်ခိုက်မှာကို စိုးရိမ်နေရကြောင်း အခုလို ပြောပါတယ်။

“မနေ့က ထူးမယ်လို့တော့ ကြားတယ်။ ကျနော်တို့က လူတက်လားမလား၊ ဘာလုပ်မှာလဲဆိုပြီး စောင့်နေတော့ လာပြီး မီးရှိုတာလေ။ ဒီနားတဝှိုက်မှာ ရှိတဲ့ ကောင်တွေက သူတို့က အဆိုးတွေနဲ့ ပေါင်းပြီး မြို့ကို သူတို့က တောက်လျှောက် ကြည့်နေတာ။ သူတို့က ပြောလို့ မရဘူး။ သူတို့ကလာပြီး မြို့ပေးမှာ မီးရှို့လိုက်ရင် ကျနော်တို့ ဘယ်လိုမှ လုပ်လို့ မရဘူး။ အဲဒါကို စိုးရိမ်နေရတာ ကျနော်တို့က။ ”

စက်တင်ဘာလ ၂၆နဲ့ ၂၇ရက်နေ့ကလည်း မောင်တောမြို့ ဟိန္ဒူရပ်ကွက်မှာ မီးလောင်မှု ၂ကြိမ်ဖြစ်ပွားပြီး နေအိမ် ၄လုံး ဆုံးရှုံးခဲ့ပါတယ်။

ဒီလ ၄ရက်နေ့ မနက် ၂နာရီကျော်မှာ ဘူးသီးတောင်မြို့နယ် မိကျောင်းဈေးကျေးရွာမှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်၇လုံးပျက်ဆီးဆုံးရှုံးခဲ့ကြောင်းနဲ့ ဒီမီးလောင်မှုဟာ ARSA အကြမ်းဖက်အဖွဲ့ရဲ့လက်ချက်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG